CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈

ရုရှားလက်ရွေးစင်အသင်း နည်းပြဟောင်း ဆလပ်စကီးက ချယ်လ်ဆီးအသင်းဟာ ယူကရိန်းကြယ်ပွင့် မူဒရစ်ကို ခေါ်ယူခဲ့တာမှာ ပြောင်းရွှေ့ကြေး ပိုပြီးပေးခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလို ငွေကြေး ပိုပေးရခြင်းက အန္တရာယ်များတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဆလပ်စကီးက “ချန်ပီယံလိဂ်မှာ ပွဲအများအပြား ကစားဖူးတဲ့ ကစားသမားတစ်ဦးအတွက် ယူရိုသန်း ၁၀၀ က ဘယ်လိုဖြစ်သွားတာလဲ။ ဒီအပြောင်းအရွှေ့ကို ကျနော် နားမလည်နိုင်ပါဘူး။ ချယ်လ်ဆီးက အနာဂတ်အတွက် အသင်း မဟုတ်ပါဘူး။ သူတို့ဟာ လက်ရှိမှာ ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ အနာဂတ်အတွက် ကစားသမားတစ်ဦး ကို သန်း ၁၀၀ လောက် မကုန်ကျသင့်ပါဘူး။ ဒါက မရိုးရှင်းနိုင်ပါဘူး”လို့ YouTube Chanel တစ်ခုကို ပြောပါ တယ်။

ချယ်လ်ဆီးအသင်းဟာ မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည်၊ အပိုဆုကြေးတွေ အပေါ် အခြေခံပြီး ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀ အထိ မြင့် တက်သွားနိုင်ပါတယ်။

ရုရှားအသင်းနည်းပြ ဆလပ်စကီးကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ မူဒရစ်ကို အာဆင်နယ်အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။

မူဒရစ်ဟာ ကလပ်အသင်းအတွက် ၆၅ ပွဲသာ ကစားထားတာဖြစ်ပြီး ဒီလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးပြီး ခေါ်ယူတာက ချယ်လ်ဆီးအတွက် အန္တရာယ်ရှိတယ်လို့လည်း ရုရှားနည်းပြဟောင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ဆလပ်စကီးက “မူဒရစ်မှာ အံ့သြစရာကောင်းတဲ့ မြန်နှုန်းရှိပြီး ဒါက ပြောနေစရာတောင် မလိုပါဘူး။ သူက ကျနော့် အတွက်ရော၊ အခုအချိန်မှာရော အလွန်ကောင်းတဲ့ ကစားသမားပါ။ အာဆင်နယ်က သူ့ကို စိတ်ဝင်စားတာကြောင့် ချယ်လ်ဆီးက သူ့ကိုသန်း ၁၀၀ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက အန္တရာယ်များပါတယ်”လို့ ပြောခဲ့တာပါ။

ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီး ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့တဲ့ မူဒရစ်ဟာ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

Source: အာတီ