CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုအတွက်တော့ ဖေဖော်ဝါရီ(၅)ရက်မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ အသင်းဟာ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရတာကြောင့် သူ့အတွက် ခါးသီးတဲ့ မွေးနေ့လက်ဆောင် ကို ရရှိသွားခဲ့ပြီလို့ ဆိုရမှာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ် အဖြစ် မယ်ဒယ်ဘရော့ အသင်းနဲ့ကစားခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရတာပါ။

ဒီပွဲစဉ်ရဲ့ ပွဲချိန်အတွင်းမှာ တဖက်တဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပို မှာလည်း ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။ ပင်နယ်တီမှာ မယ်ဒယ်ဘရော့ အသင်း က (၈)ဂိုးလုံးကန်သွင်းရာမှာ ဂိုးဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းက အီလန်ဂါ ကန်သွင်းတာမှာ လွဲချော် ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ မယ်ဒယ်ဘရော့ အသင်းက ၈ ဂိုး-၇ ဂိုး နဲ့ အနိုင်ရ ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲရဲ့ ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့သော်လည်း ရော်နယ်ဒို ကန်သွင်းတာမှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန်အတွင်းမှာလည်း ဂိုးသမားမရှိတဲ့ ဂိုးပေါက် ထဲကို ဘရူနိုဖာနန်ဒက်စ် ကန်သွင်းရာမှာ တိုင်ထိထွက်သွားခဲ့တာအပါအဝင် ဂိုးသွင်းခွင့်အများအပြားကို လွဲချော် ခဲ့တာပါ။ ဒီပွဲမှာ မယ်ဒယ်ဘရော့ အသင်း ရသွားတဲ့ ချေပဂိုးဟာ လက်ထိဘောဖြစ်တယ်ဆိုပြီး အငြင်းပွားမှုတွေ လည်း ရှိနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အရေးနိမ့်ပြီး အက်ဖ်အေ ဖလားကနေ စောစီးစွာထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ် ကလည်း ဒီပွဲမှာ အသင်းအနေနဲ့ ပထမပိုင်းမှာတင် ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အလွန်စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ သူတို့ အနိုင်ရသင့်ပြီး (၂)ဂိုး၊(၃)ဂိုးပြတ်လောက်နဲ့တောင် အနိုင်ရသင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။မန်ချက်စတာ ကလပ်ဟာ အက်ဖ်အေဖလားကနေလည်း ထွက်ခဲ့ရတာကြောင့် ဒီ ရာသီဆုဖလား ရယူနိုင်စရာ ပြိုင်ပွဲအဖြစ် ချန်ပီယံလိဂ်ဖလားသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်း ဟာ ကြားရက်မှာတော့ ဘန်လေ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:TheSun