CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ဘာစီလိုနာအသင်း ၀ါရင့်နောက်ခံလူ အဲလ်ဗတ်စ် ဟာ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်မယ့် အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံလိုက်ရတဲ့အတွက် နည်းပြ ဇာဗီ ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်မိတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒါပေမယ့် အသင်းထံကို အပျက်သဘောဆောင်မယ့် အခြေအနေကိုတော့ ယူဆောင်လာမှာမဟုတ်ဘူးလို့ အဲလ် ဗတ်စ် က ဆက်ပြောပါတယ်။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အဲလ်ဗတ်စ်၊ ဖာရန်တော ရက်စ်၊ ထရာအိုရေးနဲ့ အူဘာမီယန်းတို့ကို ခေါ်ယူခဲ့တာပါ။

စပိန်ကလပ်ဟာ အဆိုပါအသစ်ခေါ်ယူထားတဲ့ ကစားသမား(၄)ဦးထဲကမှ (၃)ဦးကိုသာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းထဲကို ထည့်သွင်းလို့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် နည်းပြ ဇာဗီ ဟာ အဲလ်ဗတ်စ် ကို လူစာရင်းကနေ ချန်လှပ်ပြီး အဆိုပါကစားသမား(၃)ဦးကို ရွေးချယ်သွားခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ အခုလထဲမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဲလ်ဗတ်စ် က “နည်းပြ က ကျနော်တွေးထင်နေတာကို သိပါတယ်။ သူ ကျနော့်ကို လတ်မှတ်ထိုးတုန်းက သူတတ်နိုင်သလောက်ပံ့ပိုးပေးမယ့်အကြောင်းကို ပြောခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ကစားသမားက မပျော်ရွှင်နိုင်ဘူးဆိုတာ သူသိပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့နေရာနဲ့ အခန်းကဏ္ဍက ဒီမှာ ဘာလဲဆိုတာကို သိပါတယ်။

ဒီအခိုက်အတန့်နဲ့ ဆုံးဖြတ်ချက်ကို နားလည်ပါတယ်။တတ်နိုင်သမျှကူညီဖို့လည်း အမြဲတမ်းပဲ အာရုံစိုက်နေပါတယ်။ ဒါပေမယ့် ကျနော်တို့က ကစားသမားတွေပါ။ ဒါကို ကလပ်က ဆုံးဖြတ်ရမှာပါ။ ကျနော် ဒီ စာရင်းထဲပါဝင်ချင်ပေမယ့် ကံမကောင်းခဲ့ပါဘူး။ အဆိုးမြင်စိတ်တွေနဲ့ ကိုယ့်ကိုကိုယ် စိတ်မပျက်စေချင်ပါဘူး။ အကောင်းဆုံးဆက်ပြီး ကူညီသွားမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲလ်ဗတ်စ် ဟာ ဘာစီလိုနာ အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက နည်းပြ ဇာဗီတို့နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြပြီး အသင်းအတွက် ဆုဖလားတွေအများကြီးရယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ အသင်းက အခက်အခဲတွေဖြစ်နေတာကြောင့် ဆဲလ်ဗတ်စ် ဟာ အလွန်နည်းပါးလှတဲ့ လစာပမာဏကို ယူပြီး အသင်းကို အကူအညီပေးဖို့ ပြန်လာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ် ၀ါရင့်ကစားသမားဟာ ဘာစီလိုနာ အသင်း အတွက် (၄)ပွဲပါဝင် ကစားထားတာပါ။

ဘာစီလိုနာ အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား သစ်တွေဖြည့်တင်းပြီး အသင်းကို လာလီဂါအမှတ်ပေးဇယား အပေါ်တက်လှမ်းနိုင်အောင် ပြင်ဆင်နေတာ ဖြစ်ပါ တယ်။ လာလီဂါ အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာ အသင်းဟာ တနင်္ဂနွေနေ့မှာ အသလက်တီကို အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro