CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄
အီဂျစ် အသင်းဟာ ဖေဖော်ဝါရီ(၄)ရက် မနက်ပိုင်းက အာဖရိကဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် ကင်မရွန်း အသင်းနဲ့ကစားခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန် အတွင်းမှာရော အချိန်ပိုမှာပါ ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး အီဂျစ် အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ကင်မရွန်း အသင်းက အဘူဘာကာ တဦးတည်းသာ ဂိုးဝင်ခဲ့တာဖြစ်ပြီး နောက်ထပ်ကစားသမား(၃)ဦးက ဂိုးမဝင်ခဲ့ပါဘူး။ အီဂျစ် အသင်းကတော့ (၃)ဦးလုံး ဂိုးဝင်အောင်ကန်သွင်း နိုင်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ အီဂျစ်ဂိုးသမား ဂါဘာစကီး က ပင်နယ်တီ(၂)လုံး ကာကွယ် သွားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အီဂျစ် အသင်းအနိုင်ရပြီး အာဖရိကဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါ တယ်။
အာဖရိကဖလားပြိုင်ပွဲသမိုင်းမှာ (၇)ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ အီဂျစ် အသင်းဟာ ဒီပြိုင်ပွဲမှာ (၂၀၁၀) က နောက်ဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာပါ။ အီဂျစ်အသင်း ဟာ အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဘာကီနာဖာဆို အသင်းကို အနိုင်ရခဲ့တဲ့ ဆီနီဂေါ အသင်းနဲ့ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်း တိုက်စစ်မှူး(၂)ဦးဖြစ်တဲ့ ဆာလတ်နဲ့မာနေးတို့ ထိပ်တိုက် တွေ့ဆုံကြရမှာလည်းဖြစ်ပါတယ်။
အိုင်ဗရီကို့စ် ကစားသမားဟောင်း ယာယာတိုရေး က “အီဂျစ် အသင်းဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ သုံးသပ် ခဲ့ပါတယ်။ အီဂျစ်က သူတို့နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါ တယ်။ အဘူဘာကာ ဟာ ဂိုးပေါက်ထိရောက်အောင် တကြိမ်လုပ်ခဲ့လားဆိုတာတောင် မသိပါဘူး။ သူတို့ဟာ ကင်မရွန်းကို စိတ်ပျက်စေခဲ့ပါတယ်။ ကင်မရွန်းက ပင်နယ်တီအတွက် မပြင်ဆင်ခဲ့ဘူးလို့ထင်ပါတယ်”လို့ ပြောခဲ့ တာပါ။ အိမ်ရှင် ကင်မရွန်း အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် အခုလို အကြို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ သူတို့ရဲ့ မျှော်လင့်ချက်ကို ပျက်သွားစေခဲ့တာပါ။
ကင်မရွန်း အသင်းဟာ တတိယနေရာလုပွဲအဖြစ် ဘာကီနာဖာဆို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တတိယ နေရာလုပွဲကို ဖေဖော်ဝါရီ(၆)ရက်နဲ့ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ(၇)ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Source:BBC