တရုတ်တင်းနစ်မယ် Peng Shuai နဲ့ တွေ့မယ့် IOC ဥက္ကဋ္ဌ

CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄

နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်ဟာ ဘေဂျင်းမှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ အတွင်း အသက်(၃၆)နှစ်အရွယ်ရှိ တရုတ်တင်းနစ်မယ် Peng Shai နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တရုတ်တင်းနစ်မယ်ဟာ နိုဝင်ဘာလက တရုတ်ထိပ်တန်း အရာရှိတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲခဲ့ ပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တာပါ။ သူမဟာ နောက်ပိုင်းမှာ ပြန်လည် ပေါ်လာခဲ့ပေမယ့် တော်တော်များများက သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာအိုလံပစ်ကော်မတီဟာ Peng နဲ့ ဗီဒီယိုခေါ်ဆိုပြီး စကားပြောခဲ့တာ ဖြစ်ပါတယ်။

သောမတ်စ်ဘတ်ချ်နဲ့ Peng Shuai အွန်လိုင်းက တွေ့ဆုံခဲ့စဉ်(Sky Sports)

သောမတ်စ်ဘတ်ချ်က “သူမရဲ့ ရှင်းပြချက်ကနေ ကျနော်တို့ သိခဲ့ပါတယ်။သူမဟာ ဘေဂျင်းမှာ နေထိုင်နေပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပြီး လွတ်လွတ်လပ်လပ် သွားလာနေပါတယ်။ အခု ကျနော်တို့က ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုကနေ နောက်တဆင့်ကို လုပ်နိုင်မှာပါ။ သူမနဲ့ လူချင်းတွေ့တဲ့အခါမှာ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေကို ပိုပြီး သိလာပါလိမ့်မယ်။ စုံစမ်းမေးမြန်းချင်တယ်ဆိုရင်လည်း ကျနော်တို့က သူ့ကို ထောက်ခံမှာပါ။ ဒါပေမယ့် ဒါက သူ့ဘဝနဲ့ သူ့စွပ်စွဲချက်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက Peng Shuai ဟာ တရုတ်ဆိုရှယ်မီဒီယာ ဝီဘိုမှာ စကားလုံးပေါင်း ၁၆၀၀ ကို ရေးတင်ခဲ့ပြီး ဒီထဲမှာ ဒုဝန်ကြီးချုပ်ဟောင်း Zhang Gaoli က သူမကို လိင်ဆက်ဆံဖို့ အတင်းအကြပ် ကြိုးစားခဲ့တယ်လို့ စွပ်စွဲထားတာပါ။ အဲ့ဒီ နောက်မှာ သူမဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး နိုင်ငံတကာ တင်းနစ် အသိုင်းအဝန်း၊ ပရိသတ်တွေနဲ့ လူ့အခွင့် အရေး အဖွဲ့တွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

တရုတ်တင်းနစ်မယ် Peng Shuai ကိုတွေ့ရစဉ်(Sports)

ရက်သတ္တပတ် ပေါင်းများစွာအကြာမှာ သူမဟာ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဇင်ဘာလက ပြုလုပ်တဲ့ သူမရဲ့ ပထမ ဆုံး မီဒီယာအင်တာဗျူးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့တာပါ။

သူမရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပို့စ်ဟာ နားလည်မှု လွဲမှားတာဖြစ်တယ်လို့ ပြန်လည် ရှင်းပြခဲ့တာပါ။ အမျိုးသမီး တင်းနစ် အဖွဲ့အစည်း(WTA) ကတော့ တရုတ်နိုင်ငံနာမည်ကြီး အားကစားကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ Peng ကို စိုးရိမ်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲအားလုံးကနေ ဆိုင်းငံ့ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Source: BBC