CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄

မယ်ဒယ်ဘရော့နည်းပြ ခရစ်ဝေလ်ဒါက ရော်နယ်ဒို အပါအဝင် အခြားမန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ ဂျာစီ ချင်း မလဲလှယ်ဖို့ အသင်းကစားသမားတွေကို ပိတ်ပင်ထားပါတယ်။

မယ်ဒယ်ဘရော့ အသင်းဟာ အက်ဖ်အေဖလား စတုတ္တအဆင့် ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲကို မယ်ဒယ်ဘရော့ ပရိသတ် ၉၀၀၀ နီးပါး လာရောက်ကြည့်ရှု ကြမှာပါ။

ခရစ်ဝေလ်ဒါက ဒီပွဲဟာ မယ်ဒယ်ဘရော့အတွက် အိုးထရက်ဖို့ဒ်ကို အလည်သွားတဲ့ ခရီးမဟုတ်ပဲ ပြိုင်ဘက်ကို အန္တရယ်ပေး နိုင်အောင် အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားသွားရမှာ ဖြစ်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ခရစ်ဝေလ်ဒါက “ပွဲမတိုင်ခင် သူတို့အသင်းရဲ့ လူစာရင်းစာရွက်က ကျနော်တို့ရဲ့ အဝတ်လဲခန်းထဲကို ရောက်လာမှာဖြစ်ပြီး ဒီဂီယာ၊ ဗာရန်းနဲ့ မက်ဂွဲယားတို့ ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကို ပြိုလဲမသွားဖို့ လိုပါတယ်။ သူတို့ဟာ ကျနော်တို့ကို နာကျင်စေနိုင်တဲ့ အံ့သြစရာကောင်းတဲ့ သူတွေရှိသလို ဥရောပနဲ့ ပရီးမီးယားလိဂ်က အသင်းတွေကိုလည်း နာကျင်စေနိုင်ပါတယ်။ သူတို့မှာ ကြီး မားတဲ့ ရွေးချယ်မှုတွေ ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်ယူကစားသမားများကိုတွေ့ရစဉ်(101 Great Goals)

ခရစ်ဝေလ်ဒါဟာ ရှက်ဖီးယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တုန်းက ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက် အသင်း ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခဲ့တာပါ။ ခရစ်ဝေလ်ဒါဟာ ဝါနော့ခ်ရဲ့နေရာမှာ အစားဝင်ပြီး မယ်ဒယ်ဘရော့ အသင်းကို ၁၂ ပွဲ ကိုင်တွယ်ထားရာမှာ ၈ ပွဲအထိ အနိုင်ရအောင် ကိုင်တွယ်ထားပြီး ရလဒ်ကောင်းတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ခရစ်ဝေလ်ဒါက “ဒီကိုလာတာ ဂျာစီချင်းလဲလှယ်ဖို့ အနေအထားမျိုး မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်ကို သွားတဲ့ သူတွေအနေနဲ့ အလည်အပတ်မျိုး သွားတယ်လို့ မမြင်စေချင်ပါဘူး။ ဂျာစီလိုချင်ရင် အဝတ်လဲခန်းထဲရောက်မှ လဲလှယ်ပါ။ သူတို့က ကျနော် တို့ရဲ့ ပြိုင်ဘက်ပါ။ သူတို့ကို ကောင်းမွန်စွာ ကစားစေချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို အန္တရာယ်ရှိတဲ့ ညတစ်ည အဖြစ် ဖန်တီးစေချင်ပါတယ်၊ ကျနော်တို့ ကောင်းမွန်စွာ မကစားနိုင်ရင်တော့ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်သွားပါ လိမ့်မယ်။ ဒါကို ကျနော်အပါအဝင် ဘယ်သူမှ မလိုချင်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မယ်ဒယ်ဘရော့ အသင်းဟာ အင်္ဂလန် ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လာမယ့် နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။