CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ချယ်လ်ဆီး အသင်းနည်းပြဟောင်း အေဗရန်ဂရန့်ဟာ အစ္စရေးနိုင်ငံရှိ ရုပ်မြင်သံကြားတစ်ခုမှာ မှတ်တမ်းရုပ်ရှင်ထုတ်လွှင့် နေချိန်အတွင်း အမျိုးသမီးအများအပြားကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ ရတာဖြစ်ပါတယ်။

အသက်(၆၆)နှစ်အရွယ်ရှိ အေဗရန်ဂရန့်ဟာ ချယ်လ်ဆီး အသင်းကို ၂၀၀၈ က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သလို ဝက်စ်ဟမ်းနဲ့ ပို့စ်မောက် အသင်းကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။

အစ္စရေးတီဗီရှိုး Exposure မှာ စုံစမ်းစစ်ဆေးမှုအရ သူဟာ အမျိုးသမီးငယ်တွေကို သူနဲ့အတူ ညအိပ်ဖို့ အတင်း ဖိအားပေးခဲ့ တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒါနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။

ဖီဖာက “စွပ်စွဲချက်တွေရဲ့ သဘောသဘာဝအရ ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီက ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဘောလုံးမှာ အကျင့်ပျက် ခြစားမှု၊ အလွဲသုံးစားလုပ်မှုနဲ့ ကြုံလာတဲ့ အခါမှာ ဖီဖာက ဒီစွပ်စွဲချက်တွေကို အလေးနက်ထားပြီး ဆောင်ရွက်ကြောင်း ထပ်လောင်းပြောကြား လိုပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 အေဗရန်ဂရန့်ကိုတွေ့ရစဉ်(Daily Mail)

အေဗရန်ဂရန့်ဟာ ၂၀၀၂ ကနေ ၂၀၀၆ အထိ အစ္စရေး၊ ၂၀၁၄ ကနေ ၂၀၁၇ အထိ ဂါနာလက်ရွေးစင် အသင်းတွေကို ကိုင်တွယ် ခဲ့တာပါ။
အေဗရန်ဂရန့်က “ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောချင်ပါတယ်။ ကျနော် ဘယ်တော့မှ ကိုယ့်ကိုယ်ကို အတင်းအကြပ် ဖိအား ပေးပြီး မိန်းမတစ်ယောက် ဒါမှမဟုတ် ဘယ်သူ့ကိုမှ ရုပ်ပိုင်းဆိုင်ရာ ပြုလုပ်တာမျိုး မလုပ်ခဲ့ဖူးပါဘူး။ နှစ်ဦး သဘောတူထားပြီး အမျိုးသမီးနဲ့ပဲ လိင်ဆက်ဆံခဲ့တာ”လို့ Telegraph ကို ပြောခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးက ဂရန့်ဟာ သူမကို အလုပ်ရှာပေးမယ်ဆိုပြီး ၂၀၂၀ က သူရဲ့ အိမ်ကိုလာရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောပါတယ်။ ချယ်လ်ဆီးအသင်း နည်းပြဟောင်းဟာ သူမရဲ့ အဝတ်အစားတွေကို ချွတ်ပြီး နမ်းဖို့ ကြိုးစားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ မော်ဒယ်ဟောင်း တစ်ဦးဖြစ်သူကလည်း ဂရန့်ဟာ သူမရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ကူညီပေး မယ်လို့ ပြောပြီး သူနဲ့အတူ ခရီးထွက်တဲ့အချိန် အင်္ဂလန်မှာရှိတဲ့ ဟိုတယ်မှာ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။

အခြားအမျိုးသမီး အချို့ကလည်း အေဗရန်ဂရန့်ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ ပြုလုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ၁ နာရီနီးပါး ကြာ ပြသခဲ့တဲ့ အဆိုပါပွဲမှာ သက်သေတွေ ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အေဗရန်ဂရန့်က Times Of Israel နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ “နှစ်တွေ ကြာလာတာနဲ့အမျှ အမျိုးသမီးတွေနဲ့ ဆက်ဆံ ရေးကို ထိန်းသိမ်းလာခဲ့ပါတယ်။ ဒီဆက်ဆံရေးမှာ သူတို့ကို လေးလေးစားစားနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံဖို့ အလွန်ကြိုးစားခဲ့ပါ တယ်။

မတရား ပြုကျင့်ဖို့ ဒါမှမဟုတ် ဘယ်အမျိုးသမီးကိုမှ ထိခိုက်နစ်နာစေလိုတဲ့စိတ် မရှိခဲ့ပါဘူး။ ကျနော့်ကြောင့် အဆင် မပြေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် နာကျင်ခံစားရတဲ့ သူတိုင်းကို နောင်တရပြီး နှလုံးသားထဲကနေ တောင်းပန်တယ်”လို့ ပြောခဲ့ ပါတယ်။

Source: BBC