CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄
ရော်နယ်ဒိုက သူ့ရဲ့အကြံပေးမှုကို လက်မခံတဲ့ မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမားတွေကို ဝေဖန် လိုက်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိ စူပါစတားဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာပြီးကတည်းက အသင်းရဲ့စွမ်းဆောင်ရည်တွေကို စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ ကစားသမားအများအပြားက သူတို့ အမှား အယွင်း လုပ်ထားတာကို ပြောပြရာမှာလည်း လက်မခံကြဘူးလို့ ရော်နယ်ဒိုက ယုံကြည်နေတာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့အတူ အသင်းရဲ့အဝတ်လဲခန်းကလည်း ပြိုလဲနေပြီလို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ရော်နယ်ဒို က “အသက်ကြီးတဲ့ ကစားသမားတွေ၊ ရင့်ကျက်တဲ့ ကစားသမားတွေက လူငယ်တွေကို အမြဲတမ်း ကူညီပေးနိုင်ပါတယ်။ဒါပေမယ့် ကျနော် ဥပမာတခုပေးနိုင်ပါတယ်။ ကျနော့်ထက်ငယ်လို့ အကြံပေးခဲ့မယ်ဆိုရင် တောင် နေ့စဉ်ဘဝမှာ ဒီလိုမျိုးတွေလိုက်မလုပ်ရင် ခက်ခဲလာပါလိမ့်မယ်။ ကျနော် အဲ့လိုလူနဲ့ တနေကုန်စကား ပြောနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ရင်ထဲကနေ ဒါတွေမထွက်လာဘူးဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ မှတ်မိတာ ကတော့ ကျနော် အသက်(၁၈)၊(၁၉)နှစ်နဲ့ (၂၀)နှစ်တုန်းက အသက်ကြီးတဲ့ ကစားသမားတချို့နဲ့ စကားပြော နိုင်ပါတယ်။ ဒါပေမယ့် ခရစ်စတီယာနိုရေ မင်းတိုးတက်ရမယ်။သူ တို့က မင်းထက်ပိုသိတယ်၊ မင်းထက် အတွေ့ အကြုံပိုရှိတယ်။သူတို့က ဆိုးရွားတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ခဲ့တယ်လို့ပဲ တွေးရမှာ”လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ အသင်းရဲ့ ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည် တွေဟာ ကျဆင်းနေတာကြောင့်အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားတွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အက်စတွန်ဗီလာကို အနိုင်ရပြီး နောက်တဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို က “ဒါပေမယ့် တခြားလူတွေက သူတို့ကို ဝေဖန်ရင်လက်မခံချင်ကြဘူး။ ကျနော်တို့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ဒါကို ပြောတာမဟုတ်ပါဘူး။ ကျနော့်မှာ ကလေးတွေရှိလို့ ဒါကို သိပါတယ်။ တခါတလေ ခင်ဗျား ဘက်က ကိုင်တွယ်ပုံနည်းနည်းကြမ်းရင် သူတို့က ဆန့်ကျင်ဘက်လုပ်ကြတယ်။ အဲဒါကြောင့် သူတို့နဲ့ စကားပြော တဲ့အခါမှာ သင့်တော်တဲ့ မျှတမှုကို ရှာရပါမယ်။ ဒါပေမယ့် ကျနော့်ရဲ့အမြင်မှာတော့ အဓိကအရာက ခင်ဗျားရဲ့ အတွင်းပိုင်းကနေ လာရမယ်ဆိုတာပါပဲ။ ခင်ဗျား ကိုယ့်ကိုကိုယ် ဂုဏ်ယူရမယ်။ မှန်ထဲပြန်ကြည့်ပြီး ငါအကုန် ပေးခဲ့တယ်လို့ ပြောလိုက်ပါ”လို့ ဆိုပါတယ်။
ဒါ့အပြင် ရော်နယ်ဒို က “ကျနော်တို့ အားလုံးဒီလိုလုပ်သင့်တယ်လို့ ထင်ပါတယ်။ နှစ်သစ်ရောက်လာပြီဆိုတော့ ကျနော်တို့ စာမျက်နှာတွေပြောင်းရပါမယ်။ ကျနော်တို့မှာ အောင်မြင်မှုတွေအများကြီးရှိပြီး ဒါကို ယုံကြည်ရပါ မယ်။ ဒီလိုမဟုတ်ရင်တော့ အိမ်မက်ဆိုးကြုံတွေ့ရပါလိမ့်မယ်။တဦးချင်းဆီက အရေးကြီးဆုံးပါပဲ။ ကျနော်တို့ဟာ ကူညီဖို့ ဒီနေရာမှာ ရှိနေတာပါ။ ကျနော်တို့ရဲ့ ကူညီမှုတွေ၊ကျနော်တို့ရဲ့ ထောက်ခံမှုတွေ၊ကျနော်တို့ရဲ့ အကြံတွေကို လိုအပ်တယ်ဆိုရင်တော့ နံပတ်(၁)အနေနဲ့ ကူညီမှာပါ။ ဒါပေမယ့် အကူအညီမလိုဘူးဆိုရင်တော့ ကိုယ့်အလုပ်ကိုပဲ လုပ်၊ ကိုယ့်ကိုကိုယ်ပဲရှာဖွေပြီး အသင်းကိုကူညီဖို့ အတတ်နိုင်ဆုံးကြိုးစားလို့”ပြောခဲ့တာဖြစ်ပါတယ်။
Source: The Sun