၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄
အာဆင်နယ် အသင်းကွင်းလယ် ကစားသမား ရှာကာဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရလို့ အာဆင်နယ်အသင်းဟာ စပါးနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကွင်းလယ်ကစားသမား မပါဝင်ဘဲ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
ရှာကာဟာ ဂိုးမရှိ သရေကျခဲ့တဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ် ကစားသမား ဂျိုတာကို တားဆီးရာမှာ ကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ လက်ရှိ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပါတေးနဲ့ အယ်လ်နီနီက အာဖရိကဖလားပြိုင်ပွဲ သွားကစားနေပြီး အိုဒီဂတ်က ဖျားနာနေကာ၊ စမစ်ရိုးလ်က ဒဏ်ရာ ရရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ ထုတ်ပယ်ခံရတဲ့ ရှာကာရဲ့ အနီကတ်ဟာ အာဆင်နယ် ကစားသမားဘဝမှာ (၆)ကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ်လည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ လီဗာပူးလ် အသင်းကို (၁)နာရီကျော်ကြာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် သရေကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှာကာကို ဒိုင်လူကြီးအနီကတ်ပြနေစဉ်။(Yahoo News)
အာဆင်နယ်အသင်းနည်းပြ အာတီတာက “ကျနော်တို့ဆီမှာရှိတဲ့ ကိန်းဂဏန်းတွေနဲ့ အစီအစဉ်တွေရေးဆွဲဖို့ ကွင်းလယ် ကစားသမား မရှိပါဘူး။ ဘာတွေပဲလုပ်လုပ် သဘာဝမကျတာကြောင့် တကယ်ကို ရှုပ်ထွေးပါတယ်။ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ကျနော်တို့ ကစားရပါမယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်နဲ့ သရေကျတဲ့ အပေါ်မှာ အာတီတာက “ကစားသမားတွေဟာ ကြီးမားတဲ့ တိုက်ပွဲ၊ စိတ်ပိုင်းဖြတ်မှုနဲ့ ညီအစ်ကိုရင်း လို စိတ်ဓာတ်တွေကို ပြသနိုင်ခဲ့ပါတယ်။ စိတ်ခံစားချက်တွေကို ခင်ဗျားတို့ မြင်ပါတယ်။ ကျနော်တို့ဘယ်တော့မှ လက်လျှော့ သွားမှာ မဟုတ်ပါဘူး။ ကောင်လေးတွေကို အသိမှတ်ပြုပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ရှာကာကတော့ ပွဲအပြီးမှာ တွစ်တာကနေ ပရိသတ်တွေကို ပြန်တောင်းပန်သွားခဲ့ပါ တယ်။
ရှာကာက “ကျနော် အားလုံးကို တောင်းပန်ချင်ပါတယ်။ ဒီပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းနဲ့ သူတို့ရဲ့ စိတ်ဓာတ်ကို အလွန်ဂုဏ်ယူတယ်လို့”ရေးသားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ဟာ လာမယ့်အပတ် ကြာသပတေးနေ့မှာ ဒုတိယအကျော့ ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်(၉)ပွဲမှာ (၁)ပွဲသာ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အဆင့် (၅)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal