၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီက ကိုဗစ်ကူးစက်မှုကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် မျှော်လင့်ထားတာထက် အချိန်ပိုကြာခဲ့တယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီဟာ ကိုဗစ်ကြောင့် အသင်းနဲ့ ရက်သတ္တပတ် အတော်ကြာအောင် ဝေးကွာခဲ့ပြီးနောက် အခုအချိန်မှာတော့ ပီအက်စ်ဂျီ အသင်းထံ ပြန်လာနိုင်ဖို့ အဆင်သင့် ဖြစ်လုနီးပါးဖြစ်နေပြီလို့ ပြောခဲ့တာပါ။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ကြံ့ခိုင်မှု အပြည့်နဲ့ လမ်းကြောင်းပေါ် ရောက်နေတာကြောင့် မကြာသေးခင် ရက်ပိုင်းက လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေခဲ့တာ ဖြစ်ပါ တယ်။

ပီအက်စ်ဂျီ ကစားသမားဘဝကို နှေးကွေးစွာ စတင်ခဲ့တဲ့ မက်ဆီဟာ ဒုတိယရာသီဝက်မှာတော့ အသင်းကို ချန်ပီယံဆုတွေ ရယူနိုင်ဖို့အတွက် ပိုပြီးဂိုးတွေ သွင်းယူနိုင်ဖို့ မျှော်လင့်နေတာပါ။

မက်ဆီက “မင်္ဂလာနေ့လည်ခင်းပါ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျနော်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး မက်ဆေ့ချ်တွေ အများကြီး လက်ခံရရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာဖို့က ထင်ထားတာထက် ပိုကြာတယ် ဆိုတာတော့ ခင်ဗျားတို့ကို ပြောပြချင်ပါတယ်။ အခုတော့ ပြန်ကောင်းလာလုနီးပါး ဖြစ်နေပြီး ကွင်းထဲကို ပြန်ဝင်နိုင်ဖို့ မျှော် လင့် ပါတယ်”လို့ ပြောပါတယ်။

မက်ဆီကိုတွေ့ရစဉ်။(Ligue)

မက်ဆီဟာ  ခရစ္စမတ် ကာလအတွင်းမှာ အာဂျင်တီးနား နိုင်ငံကို ပြန်သွားခဲ့ပြီးနောက် ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။ ဘာစီလိုနာ ကစားသမားဟောင်းဟာ ကိုဗစ်ကူးစက်မှုကို တွန်းလှန်နိုင်ဖို့ ကာလကြာရှည် တိုက်ပွဲဝင်ခဲ့တာကြောင့် ပြင်သစ်ကို ပြန်လာဖို့ နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီက “ဒီရက်ပိုင်းတွေမှာ (၁၀၀) ရာခိုင်နှုန်း ပြန်လည်ရရှိနိုင်ဖို့အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ အလွန် ကောင်းမွန်တဲ့ စိန်ခေါ်မှုတွေ ဒီနှစ်ထဲမှာ ရောက်ရှိလာပြီး မကြာခင်မှာ ပြန်လည် ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင် ပါတယ်”ဆိုပြီး သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားတာဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအတွက် ပြန်လည်ကစားနိုင်ဖို့ အစွမ်းကုန် လေ့ကျင့်ပြင်ဆင်နေတာပါ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့ကမှ ဘာစီလိုနာ အသင်းနဲ့ စာချုပ်ကုန်ပြီး ပီအက်စ်ဂျီကို အလွတ်နဲ့ ရောက်ရှိလာတဲ့ မက်ဆီဟာ ပြင်သစ်ကလပ် အတွက် လီဂူးဝမ်းပြိုင်ပွဲမှာ ၁ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၅ ဂိုး သွင်းယူထားပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ လီဂူးဝမ်းပြိုင်ပွဲ ပွဲ ၂၀ ကစားအပြီးမှာ ရမှတ် ၄၇ မှတ် ရရှိထားပြီး ဒုတိယနေရာက နိုက်စ်အသင်းကို ၁၁ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ပီအက်စ်ဂျီ အသင်းဟာ ဒီတစ်ပတ်မှာတော့ လီဂူးဝမ်းပွဲစဉ်အဖြစ် ဘရက်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal