CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိတယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။

အာဆင်ဝင်းဂါးက “ ဒီရာသီမှာ ကြီးကြီးမားမား လွှမ်းမိုးထားတဲ့ အသင်းမရှိသေးတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ အခွင့်အရေးကောင်းတွေရှိတယ်လို့ ပြောချင်ပါတယ်။ အသင်းအနေနဲ့ ဒါကိုလုပ်နိုင်ဖို့ အခွင့်အရေး ကောင်း တစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။ ရာသီအလယ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိလို့ ကစားသမားတစ်ဦးချင်းစီနဲ့ အသင်း အတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ခင်ဗျားတို့လည်း မသိနိုင်ပါဘူး။ အားလုံး ခြုံပြီးပြော ရရင် ဒီရာသီမှာ အာဆင်နယ်အတွက် အခွင့်အရေးကောင်းတွေ ရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြသနေပြီး ၇ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁ ပွဲသာ ရှိကာ ၆ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ မန်စီးတီး၊ စပါးအသင်းတို့ရဲ့ အထက် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းသားများ အောင်ပွဲခံနေစဉ်(Eurosport)

အဲ့ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးလာခဲ့တာပါ။

ဒီရာသီမှာတော့ နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည်ရယူ နိုင်ဖို့ ကစားသမားသစ်တွေ ဖြည့်တင်းပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လန်ဒန်ကလပ်ဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာလ ၁ ရက်မှာ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ ယူရိုပါလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဘိုဒိုဂီလင့်မ်၊ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: eusport