CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄
ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးရသေးဘဲ နိုင်ငံအတွင်း ဆက်လက် နေထိုင်နေမှုကြောင့် သူ့ရဲ့ ဗီဇာကို သြစတြေးလျက ဒုတိယအကြိမ်မြောက် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဲလတ်စ်ဟော်ကီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းမွန်သော အမိန့်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဂျိုကိုဗစ်ဟာ ပြည်နှင်ဒဏ် ခံရနိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် အသက်(၃၄)နှစ်အရွယ်ရှိ ဆားဘီးယား ကစားသမားဟာ သြစတြေးလျမှာ ဆက်ရှိနေနိုင်ဖို့အတွက် နောက်ထပ် ဥပဒေဆိုင်ရာတွေနဲ့ ပြုလုပ်နိုင်သေးတယ်လို့ သတင်း မှာ ဖော်ပြထားတာပါ။
ဂျိုကိုဗစ်ဟာ တနင်္လာနေ့မှာ စတင်မယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ဒီနေ့မှာ ဂျိုကိုဗစ် ကိုင်ဆောင်ထားတဲ့ ဗီဇာကို ရုပ်သိမ်းဖို့ ကျနော့်ရဲ့ အာဏာကို အသုံးပြုလိုက်ပါပြီ။ ဒါဟာ အများပြည်သူ အကျိုးစီးပွားအတွက် အခြေခံပြီး ဆောင်ရွက်တာ”လို့ ဖော်ပြထားတာပါ။ ဂျိုကိုဗစ် ဟာ သြစတြေးလျ ဗီဇာအသစ် ရယူခြင်းအတွက် (၃)နှစ် ပိတ်ပင်ခံရဖွယ်ရှိပေမယ့် သူ့ကို လျှော့ပေါ့ပေးဖွယ် ရှိနေတာဖြစ်ပါ တယ်။
သြစတြေးလျ အိုးပန်းချန်ပီယံဆုကို (၉)ကြိမ်ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ အခုနှစ်မှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်နေတာပါ။ ဆားဘီးယား ကစားသမား အနေနဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ မယ်ဆိုရင် ဂရမ်းဆလမ်းဖလား ကို (၂၁)ကြိမ်မြောက်အဖြစ် ရယူနိုင်မှာဖြစ်ပြီး အမျိုးသားတင်းနစ် ကစားသမားတွေထဲမှာ အအောင်မြင်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ကိုတွေ့ရစဉ်။ (NBC News)
ဂျိုကိုဗစ်ဟာ ဇန်နဝါရီ ၆ ရက်က မဲလ်ဘုန်းကို ရောက်ရှိပြီး မကြာခင်မှာပဲ သူ့ရဲ့ ဗီဇာကို ပထမအကြိမ် ရုပ်သိမ်းခြင်းကို ခံခဲ့ ရတာပါ။ ဂျိုကိုဗစ်ကို ကာကွယ်ဆေး ထိုးထားခြင်း မရှိပေမယ့် နိုင်ငံအတွင်းကို ဝင်ခွင့်ပေးခဲ့တဲ့အပေါ်မှာ သြစတြေးလျ နိုင်ငံသားတွေဆီကနေ ကြီးမားတဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
ဆားဘီးယား ကစားသမားဟာ မဲလ်ဘုန်းလေဆိပ် လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်ရေးမှာ နာရီပေါင်းများစွာကြာ ထိန်းသိမ်းခံခဲ့ ရပြီး လူဝင်မှုကြီးကြပ်ရေးဟိုတယ်မှာ ရက်ပေါင်းများစွာ နေထိုင်ခဲ့ရတာပါ။ နောက်ပိုင်းမှာ တရားသူကြီးက ဂျိုကိုဗစ်ကို ပြန် လွှတ်ပေးပြီး သူ့ရဲ့ ဗီဇာကို ပြန်လည်ပေးအပ်ဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သောကြာနေ့ ညနေပိုင်းမှာတော့ ဟော်ကီက သြစတြေးလျရဲ့ ရွှေ့ပြောင်းနေထိုင်မှု အက်ဥပဒေအရ သီးခြား အာဏာနဲ့ ဂျိုကိုဗစ်ရဲ့ ဗီဇာကို ထပ်မံရုပ်သိမ်းခဲ့တာပါ။ ဂျိုကိုဗစ်ကတော့ ဒါကို အယူခံဝင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဂျိုကိုဗစ်ဟာ ခရီးသွားဖောင်မှာ သူ့ရဲ့ အေးဂျင့်က မှားယွင်းပြီး ဖြည့်စွက်ခဲ့တယ်လို့ မကြာသေးခင်က ပြောထားပါတယ်။ ဒါ့အပြင် သူဟာ ကိုဗစ်ကူးစက်နေပေမယ့် သတင်းထောက်နဲ့ တွေ့ဆုံချိန်မှာ ဓါတ်ပုံရိုက်ကူးခဲ့တယ်ဆိုတာက်ို ဝန်ခံထားတာ ဖြစ်ပါတယ်။
Source: BBC