CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်က စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာမှာ ရူးသွပ်စရာ အချက် အလက်တွေ မတောင်းထားဘူးလို့ ပြောလိုက်ပါတယ်။

ဇွန်လမှာ အသက်(၃၀) ပြည့်တော့မယ့် ဆာလတ်နဲ့ လီဗာပူးလ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၈)လ ကျန်ရှိ နေပါသေးတယ်။ ဒါပေမယ့် ဆာလတ်က လီဗာပူးလ်မှာပဲ ဆက်နေချင်တဲ့ သူ့ရဲ့ ဆန္ဒကို အရင်ကလည်း ထုတ်ပြောထားဖူး ပါတယ်။

ဆာလတ်က “ကျနော် ဆက်နေချင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော့်ရဲ့ လက်ထဲမှာ မရှိပါဘူး။ ဒါဟာ သူတို့လက်ထဲမှာပါ။ ကျနော် ရူးသွပ်စရာအချက်တွေ မတောင်းထားပါဘူး”လို့ GQ ကို ပြောထားတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရိုးမားကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ်ဟာ လီဗာပူးလ် အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အများအပြားရရှိအောင် ကူညီပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆာလတ်က “ကလပ်အတွက် ကျနော်ဘာတွေ လုပ်ပေးခဲ့လဲဆိုတာကို ကလပ်အသင်းဘက်က အသိမှတ်ပြုတယ်ဆိုရင် ကျနော် တောင်းဆိုထားတဲ့ အရာတွေကို ပေးလိုက်ရုံပါပဲ။ ကျနော် ဒီကို ရောက်နေတာ (၅)နှစ်ရှိပါပြီ။ ကလပ် အသင်း အကြောင်းကိုလည်း ကောင်းကောင်းသိသလို ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ ပရိသတ်တွေ ကလည်း ကျနော့်ကို ချစ်ကြပါတယ်။ ဒါက ကလပ်အသင်း အုပ်ချုပ်သူတွေ ဆုံးဖြတ်ရမယ့် အရာဖြစ်သွားပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပုံ-ဆာလတ်ကိုတွေ့ရစဉ်။(Sports)

ဆာလတ်ဟာ လီဗာပူးလ် အသင်းအတွက် ၁၄၈ ဂိုး သွင်းယူထားတာဖြစ်ပြီး လက်ရှိအချိန်မှာ အီဂျစ် လက်ရွေးစင်အသင်းနဲ့ အတူ အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတာပါ။

ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရည်မှန်းထားတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဆာလတ်က “ဒါက ကျနော့်အတွက် တွန်းအားတစ်ခုဖြစ်လားလို့ မေးရင်တော့ ဟုတ်ပါတယ်။ ကျနော် ဒါနဲ့ ပတ်သက်ပြီး လိမ်လို့မရပါဘူး။ ဒါပေမယ့် ရိုးရိုးသားသား ပဲ ပြောရမယ်ဆိုရင် ကျနော် မတွေးမိပါဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားဖြစ်ချင်ပါတယ်။ ဘောလွန်းဒီအော မရခဲ့ ရင်တောင် ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ကျနော့်ဘဝက အဆင်ပြေပါတယ်။ အရာအားလုံး ကောင်းမွန်ပါတယ်”လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းနဲ့ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အခုအချိန်မှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ နည်းပြ ကလောပ့်က ချီးကျုးထားတာပါ။ အီဂျစ် ကစားသမားဟာ ဒီရာသီမှာ အန်ဖီးလ် ကလပ် အတွက် ပြိုင်ပွဲစုံ(၂၆)ပွဲ ပါဝင်ကစားထားပြီး (၂၃)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ ဆာလတ်ရဲ့ အီဂျစ် အသင်းကတော့ အာဖရိက ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် နိုင်ဂျီရီးယား အသင်းနဲ့ ကစားခဲ့ရာမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC