CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

နာမည်ကြီး လက်ဝှေ့ကစားသမား မေဝယ်လ်သာဟာ သူ့ရဲ့ ဒေါ်လာ(၂)သန်းတန်ကြေးရှိတဲ့ နာရီကို ဝတ်ဆင်ပြီး အင်စတာဂရမ်မှာတင်ကာ ပရိသတ်တွေကို ပြသလိုက်ပါတယ်။

လက်ဝှေ့လောကရဲ့ ဂန္တဝင်ကစားသမားကြီး မေဝယ်လ်သာဟာ ယူအေအီးမှာ အပန်းဖြေအနားယူနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ခမ်းနားတဲ့ လူနေမှုဘဝနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အမြဲတမ်း ဖော်ပြလျက်ရှိသူပါ။ မေဝယ်လ်သာဟာ သူ စုစည်းထားတဲ့ အရာတွေထဲမှာ သူ့ရဲ့စိန်နဲ့ ပြုလုပ်ထားတဲ့ နာရီကို အလွန်ကြိုက်နှစ်သက်ပုံ ရပါတယ်။

အဲဒီနာရီကို ထုတ်ပြခဲ့တဲ့ပုံမှာ “အိတ်က မတူတဲ့အတွက် ခိုးရာပါပုံက မတူဘူး”ဆိုပြိး ရေးသားခဲ့တာ ဖြစ်ပါတယ်။ အသက်(၄၄)နှစ်အရွယ်ရှိ မေဝယ်လ်သာဟာ အကြောင်းအမျိုးမျိုးနဲ့ Money ဆိုပြီး နာမည်ပြောင် ရထားသူပါ။ လက်ရှိမှာ သူဟာ ဒေါ်လာသန်း(၄၅၀)တန်ကြေးရှိပြီး အချိန်တိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အမေရိကန်လက်ဝှေ့သမားဟာ (၂၀၁၅) ခုနှစ်က ဘာတိုကို အနိုင်ရပြီးနောက် ကစားသမားဘဝက အနားယူကြောင်းကြေညာခဲ့ပေမယ့် (၂၀၁၇) မှာ UFC ဖိုက်တာ မက်ဂရီဂေါနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ မေဝယ်လ်သာဟာ ဒီပွဲကနေ ဒေါ်လာသန်း(၃၀၀)ကျော် ရခဲ့ပြီး မက်ဂရီဂေါက ဒေါ်လာသန်း (၁၀၀) ကျော် ရရှိခဲ့တာပါ။

မေဝယ်လ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း(၅၀)ထိုးသတ်ထားပြီး ပွဲ(၅၀)လုံး အနိုင်ရ ထားတာဖြစ်ပါတယ်။မေဝယ်လ်သာဟာ သရုပ်ပြလက်ဝှေ့ပွဲ(၂)ပွဲထိုးသတ်ခဲ့ပြီး ဂျပန်ကစားသမား နာဆူကာဝါကို အလဲထိုးနဲ့ အနိုင်ရခဲ့ကာ Youtube နာမည်ကျော် လိုဂန်ပေါလ်နဲ့ပွဲကတော့ ရလဒ်မထွက်ခဲ့ပါဘူး။ မေဝယ်လ်သာ ကတော့ ဒီပွဲက သူ့ရဲ့ နောက်ဆုံးပွဲဖြစ်တယ်လို့ အခိုင်အမာပြောခဲ့ပေမယ့် နောက်ထပ်သရုပ်ပြပွဲ တခုလာဦးမယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

မေဝယ်လ်သာက “ဖေဖော်ဝါရီ(၂၀)ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ဘက်ကိုတော့ မရွေးချယ်ရသေးပါဘူး။ ဒါကို စောင့်မျှော်နေပါတယ်။ ကျနော်တို့က ခင်ဗျားတို့ကို မြင်စရာ တခုခုပေးနိုင်မယ်လို့မျှော်လင့်ကြောင်း” ပြောခဲ့တာ ပါ။ မေဝယ်လ်သာဟာ သူ့ရဲ့ကစားသမားဘဝမှာ စူပါဖယ်လ်တာဝိတ်၊ လိုက်ဝိတ်၊ လိုက်ဝယ်လ်တာဝိတ်၊ ဝယ်လ် တာဝိတ်နဲ့ လိုက်မစ်ဒယ်ဝိတ်စတဲ့ ၀ိတ်တန်း(၅)ခုမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး ဒီ ဝိတ်တန်း(၅)ခုမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source: sport bible