CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်က သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးပုံစံနဲ့ ပတ်သက်ပြီး အမှားအယွင်းတွေ ရှိကြောင်း နဲ့ ကိုဗစ်ဖြစ်နေချိန်မှာ သတင်းထောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဆားဘီးယား ကစားသမားက သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဖြစ်ပေါ်နေတဲ့ သတင်းအမှားတွေကို ရှင်းလင်းဖို့ အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ လာမယ့်အပတ်မှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်း ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေသေးတာပါ။ ကာကွယ်ဆေး ထိုးထားခြင်းမရှိသေးတဲ့ ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ မဲလ်ဘုန်းကို ရောက်တဲ့အခါမှာ သူ့ရဲ့ဗီဇာ ရုပ်သိမ်းခံခဲ့ရသလို ထိန်းသိမ်းခြင်းလည်း ခံခဲ့ရပါတယ်။

တနင်္လာနေ့က တရားသူကြီးတစ်ဦးဟာ ဒီဆုံးဖြတ်ချက်တွေကို ပြန်ပြောင်းခဲ့ပြီး ကစားသမားကို ထိန်းသိမ်းထားရာ ကနေ ပြန်လွှတ်ပေးဖို့ အမိန့်ပေးခဲ့တာပါ။ ဒါပေမယ့် အစိုးရကတော့ နောက်ထပ် အရေးယူမှာနဲ့ ပတ်သက်ပြီး ငြင်းဆန်ပယ်ချထား တာတော့ မရှိပါဘူး။

ပြိုင်ပွဲမစတင်ခင် ရက်ပိုင်းအလိုမှာ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက သူ့ရဲ့ ဗီဇာကို ဒုတိယအကြိမ်မြောက် ရုပ်သိမ်းနိုင်သေးတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဂျိုကိုဗစ် အနေနဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဂရမ်းဆလမ်းချန်ပီယံဆုကို (၂၁)ကြိမ်မြောက် ရယူနိုင်မှာဖြစ်ပြီး သမိုင်းတလျှောက် အအောင်မြင်ဆုံး အမျိုးသားကစားသမား ဖြစ်လာတော့မှာပါ။

ဂျိုကိုဗစ် ခရီးသွားဖောင်ဖြည့်ထားမှုမှတ်တမ်း။(The Sun)

သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာ ဂျိုကိုဗစ်က ဂျာနယ်လစ်ကို စိတ်မပျက်စေချင်တဲ့အတွက် L’Equipe နဲ့ အင်တာဗျူးကို ဆက်လက် လုပ်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။

“ကျနော် ဓါတ်ပုံရိုက်တဲ့ အချိန်ကလွဲပြီး လူမှုရေးအရ ခပ်ကွာကွာနေပြီး မတ်စ်တပ်ထားတယ်ဆိုတာ သေချာတယ်”လို့ ရေးခဲ့ တာပါ။ L’Equipe ကတော့ ဂျိုကိုဗစ်ဟာ တချိန်လုံး မတ်စ်တပ်ထားတယ်လို့ ပြောထားပါတယ်။ ဂျိုကိုဗစ်ဟာ သြစတြေးလျ ထဲကို မဝင်ရောက်ခင် ခရီးသွားပုံစံမှာလည်း အမှားအယွင်း ပြုလုပ်ထားတယ်လို့ ဝန်ခံထားခဲ့တာပါ။ ဒီခရီးသွားပုံစံမှာ သြစတြေးလျကို မရောက်ခင် ၁၄ ရက်ကြာ ခရီးမသွားထားဘူးလို့ ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင်က သတင်းတွေမှာတော့ ဂျိုကိုဗစ်ဟာ စပိန်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ ဂျိုကိုဗစ် ကတော့ ဒီအမှားအတွက် ရိုးသားစွာ တောင်းပန်ခဲ့ပြီး ဒါဟာ လူသားတွေရဲ့ အမှားဖြစ်ကာ သေချာပေါက် တမင်ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

“ကျနော်တို့ အဖွဲ့ဟာ ဒီကိစ္စတွေကို ရှင်းလင်းဖို့ သြစတြေးလျ အစိုးရထံ နောက်ထပ် အချက်အလက်တွေ ပေးထားပြီး ဖြစ် တယ်”လို့ ဂျိုကိုဗစ်က ရေးသားထားတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အချက်(၂)ချက်က အဓိက အရာဖြစ်ခဲ့တာပါ။

ပထမအချက်ကတော့ သူဟာ ကိုဗစ်ဖြစ်နေချိန်မှာ သီးခြားနေထိုင်မှုမရှိဘဲ စည်းမျဉ်းချိုးဖောက်ခဲ့တာနဲ့ နောက်တချက် ကတော့ ခရီးသွားပုံစံမှာ မှားယွင်းတဲ့ အချက်အလက်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းပဲ လိုတော့ အချိန်မှာ ဂျိုကိုဗစ် အနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မလားဆိုတာ မသေချာသေးဘဲ ဖြစ်နေပါတယ်။

Source: BBC