၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃
ကင်မရွန်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တပွဲဖြစ်တဲ့ မာလီနဲ့ တူနီရှားတို့ရဲ့ ပွဲစဉ် ကတော့ ဒိုင်လူကြီးရဲ့အလွဲတွေကြောင့် ပရမ်းပတာနဲ့ ပွဲပြီးဆုံးသွားခဲ့ရပါတယ်။
ဒီပွဲမှာ မာလီအသင်းက ၁ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ကွင်းလယ်ဒိုင်လူကြီး ဂျန်နီဆီကာဇွေဟာ ဒီပွဲမှာ ပင်နယ်တီ(၂)လုံး ပေးခဲ့ပြီး၊ မေးခွန်းထုတ်စရာကောင်းတဲ့ အနီကတ်နဲ့ ပွဲကို (၂) ကြိမ်တိုင်တိုင် စောစီးစွာ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်ဒိုင်လူကြီးဟာ ပွဲချိန်(၈၅)မိနစ်မှာ တကြိမ်ပွဲသိမ်းခရာမှုတ်ခဲ့ပြီး တူနီးရှားအသင်းက စောဒကတက်ခဲ့လို့ ပွဲကို ပြန်ကစားခဲ့ပေမယ့် ပွဲချိန်(၈၉)မိနစ်နဲ့ (၄၇)စက္ကန့်မှာ နောက်ထပ် တကြိမ် ပွဲသိမ်းခရာမှုတ်ခဲ့တာပါ။
တူနီးရှား အသင်းနည်းပြနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဒီလိုဆုံးဖြတ်ချက်ကြောင့် ကွင်းထဲ အပြေးအလွှား ဝင်ရောက်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ မိနစ်(၂၀)အကြာ မာလီနည်းပြရဲ့ သတင်းစာရှင်းလင်းပွဲ စတင်ခဲ့ပြီးနောက် ပွဲစီစဉ်သူတွေက ဒီပွဲကို အဆုံးအဖြတ်ဖြစ်အောင် ပြန်လည် ကစားခိုင်း ခဲ့တာပါ။ ဒါပေမယ့် ဒီလိုဆိုးရွားတဲ့အဖြစ်အပျက်တွေကြောင့် တူနီးရှား ကစားသမားတွေဟာ ကွင်းထဲကို ပြန်လည် ဝင်မလာတော့တာဖြစ်ပါတယ်။ အဲဒါကြောင့် မာလီအသင်းကို အနိုင်ရသူအဖြစ် ကြေညာခဲ့တာပါ။
ဒီပွဲမှာ မာလီကစားသမား တိုရေးကို တိုက်ရိုက်အနီကတ်ပြသခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့လည်း ကွင်းလယ် ဒိုင်လူကြီးက VAR ပြန်လည်ကြည့်ရှုခဲ့ပါသေးတယ်။ ဒါပေမယ့် ဂျန်နီဆီကာဇွေက VAR ရဲ့ ဆုံးဖြတ်ချက်ကို မယူဘဲ သူ့ရဲ့ဆုံးဖြတ်ချက်ကိုသာ အတည်ယူခဲ့တာပါ။ ဒီအဖြစ်အပျက်တွေအပြီး မိနစ်(၂၀) အကြာမှာ ကျန်ရှိသေးတဲ့ မိနစ် တွေအတွက် ပွဲကို ပြန်လည်ကစားစေဖို့ တာဝန်ရှိသူတွေက စီစဉ်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဂျန်နီဆီကာဇွေရဲ့နေရာမှာ စတုတ္တဒိုင်လူကြီးက အစားထိုးကိုင်တွယ်မှာဖြစ်ပေမယ့် မာလီကစားသမားတွေသာ ကွင်းထဲပြန်ဝင်လာပြီး တူနီးရှားကစားသမားတွေက ပြန်မဝင်လာတော့တာလည်းဖြစ်ပါတယ်။
တူနီရှားအသင်းနည်းပြ ကဘားယာ က ဒိုင်လူကြီးရဲ့လုပ်ရပ်တွေကို နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။
“သူက ပွဲသိမ်းခရာမှုတ်ပြီး ကျနော်တို့ကို အဝတ်လဲခန်းထဲ သွားခိုင်းခဲ့ပါတယ်။ အဲဒါကြောင့် ကစားသမားတွေက ရေခဲရေတွေချိုးနေကြပါတယ်။ဒါပေမယ့် သူတို့က ပြန်လာခိုင်းပြန်ရောဗျာ။ ဒီလို အဖြစ် အပျက်မျိုး ကျနော့် နည်းပြဘဝ အနှစ်(၃၀)မှာ တခါမှမတွေ့ဖူးပါဘူး”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကဘားယာ က “ဒါဟာ ကိုင်တွယ်ဖြေရှင်းရခက်တဲ့ အခြေအနေပါ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေက နားမလည် နိုင်လောက်အောင်ပါပဲ။ သူဘယ်လိုဆုံးဖြတ်ချက်ချခဲ့လဲဆိုတာကို ကျနော်နားမလည်နိုင်သလို အခုဘာတွေ ဖြစ်သွားလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဇမ်ဘီယာ ကွင်းလယ်ဒိုင်လူကြီး ဂျန်နီဆီကာဇွေဟာ အကျင့်ပျက်ခြစားမှုသံသယနဲ့ ၂၀၁၈ ခုနှစ် က အာဖရိကရဲ့ဘောလုံးလောကမှာ ပါဝင်ပတ်သက်မှု ရပ်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Source: BBC