၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃
အင်တာမီလန် အသင်းဟာ ဇန်နဝါရီ(၁၃)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ စူပါဖလားပွဲစဉ်မှာ ဂျုဗင်တပ်စ် အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး အီတလီစူပါဖလားကို ရယူသွားနိုင်ခဲ့ပါပြီ။
စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းနဲ့ ကိုပါအီတာလီယာဖလား ချန်ပီယံ ဂျုဗင်တပ်စ်အသင်းတို့ ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲချိန်အတွင်း တဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာ ဂျုဗင်တပ်စ်အသင်းက ဦးဆောင်ဂိုး စတင်ရခဲ့တာဖြစ်ပြီး မက်ကန်နီး က သွင်းယူကာ အင်တာမီလန် အတွက် ချေပဂိုးကို မာတီးနတ်ဇ် က သွင်းယူခဲ့တာပါ။
အချိန်ပို ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးမိနစ်မှာ အင်တာမီလန်အသင်း အနိုင်ဂိုးရရှိသွားခဲ့တာဖြစ်ပါတယ်။ အင်တာ မီလန် ကစားသမား ဒီမာကိုရဲ့ ဂိုးဧရိယာအတွင်း ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဂျုဗင်တပ်စ် နောက်ခံလူ ဆန်ဒရို ဘောလုံးထိန်းသိမ်းပုံ မသေသပ်ခဲ့တာကြောင့် ဆန်းချက်စ် က ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ အပိုင်ကန် သွင်းယူသွားခဲ့တာပါ။ အဲဒါကြောင့် ပွဲအပြီးမှာ အင်တာမီလန် အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အီတလီစူပါဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုဖလားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ကွန်တီရဲ့ နေရာအစား ဝင်ခဲ့တဲ့ အင်ဇာဂီအတွက် အင်တာမီလန်အသင်း နည်းပြဘဝ ပထမဆုံးဆုဖလားလည်း ဖြစ်ခဲ့တာပါ။
အင်ဇာဂီအတွက်တော့ အီတလီစူပါဖလားဟာ သူ့ရဲ့နည်းပြဘဝမှာ တတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်ဇာဂီဟာ လာဇီယိုအသင်းကို ကိုင်တွယ်တုန်းကလည်း ဂျုဗင်တပ်စ်ကိုပဲ အနိုင်ရပြီး ဒီဖလားကို ရယူနိုင်ခဲ့တာပါ။ အင်တာမီလန်အသင်းဟာ အီတလီစူပါဖလားကို (၂၀၁၀)နောက်ပိုင်း ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ တာဖြစ်ပြီး အခုတကြိမ်အပါအဝင် (၆)ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဆန်းချက်စ်က သူဟာ လှောင်အိမ်ထဲက ခြင်္သေ့လိုပါပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဆန်းချက်စ် က “ချန်ပီယံတွေက ဒီလိုမျိုး ပိုကစားလေ ပိုကောင်းလေပါပဲ။ သူတို့လို တခြားဘယ်သူကမှ မလုပ်နိုင်ပါဘူး။ ကျနော်တို့ဟာ မှန်ကန်တဲ့ ကစားသမားတွေနဲ့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဒီလိုမျိုးပဲ ဆက်သွားရမှာပါ။ ကျနော်ဟာ လှောင်အိမ်ထဲက ခြင်္သေ့လို ခံစားရပါတယ်။ မကစားရဘူးလို့ ပြောခံရပါတယ်။ တနေ့ ကွန်တီ ရောက်လာပြီး မင်းနဲ့တူတဲ့သူ မရှိဘူးလို့ပြောခဲ့ပါတယ်။ သူက နောက်ဆုံး(၁၅)မိနစ်အတွက် ကျနော့်ကို ပေးထားပြီး ခြားနားချက်ကို လုပ်မယ်လို့ပြောခဲ့ပါတယ်။ ဒါက ခြင်္သေ့ဟိန်းသံပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာလည်း ခြေစွမ်းကောင်းတွေပြသနေပြီး ရမှတ်(၄၉)မှတ်နဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေတာပါ။ ဂျုဗင်တပ်စ် အသင်းကတော့ ရမှတ်(၃၈)မှတ်နဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Dailymail