CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃

ဂျိမ်းစ်ရိုဒရီဂွတ်စ်ဟာ ကာတာလိဂ်ပွဲစဉ်မှာ ကွင်းအတွင်း နှလုံးခုန်ရပ်သွားတဲ့ ပြိုင်ဘက်နောက်ခံလူ ကူလီဘာလီရဲ့ အသက်ကို ကယ်တင်ပေးဖို့ ကြိုးစားလုပ်ဆောင်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က အယ်လ်ရေ ယန်နဲ့ အယ်လ်ဝါရက်ခ် အသင်းတို့ ကစားခဲ့တဲ့ ကာတာစတားလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ကူလီဘာလီက ဂိုးရှေ့မှာ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်နဲ့ အဲဗာတန် ကစားသမားဟောင်းက ဒီအဖြစ်အပျက် နေရာကို ဆေးအဖွဲ့က မရောက်လာခင်မှာ ဒါကို ကူညီပေးဖို့ အလျင်အမြန် သွားရောက်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

ဂျိမ်းစ်ရိုဒရီဂွတ်စ်ဟာ ဆေးကုသပေးမယ့် ဆေးအဖွဲ့ မရောက်လာခင် အသက်(၃၂)နှစ်အရွယ်ရှိ ကစားသမား ပုံမှန်အတိုင်း အသက်ရှုနိုင်အောင် ဦးခေါင်းကို ချိန်ညှိပေးခဲ့တယ်လို့ beIN SPORTS က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေ ကြောင့် ပွဲကို ဆက်မကစားဘဲ ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီအချိန်မှာ ဂျိမ်းစ်ရိုဒရီဂွတ်စ် ပါဝင်နေတဲ့ အယ်လ်ရေယန် အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။ အဆိုပါ မာလီ ကစားသမားကို ဆေးရုံပို့ဆောင်ခဲ့ပြီး အခြေအနေ တည်ငြိမ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဂျိမ်းစ်ရိုဒရီဂွတ်စ်ကိုတွေ့ရစဉ်။(AFP)

ပွဲအပြီးမှာတော့ ကူလီဘာလီဟာ နှလုံးရောဂါ ခံစားခဲ့ရတယ်လို့ ကာတာလိဂ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထား တာပါ။ ဂျိမ်းစ်ရိုဒရီဂွတ်စ်ရဲ့ ဒီလိုလုပ်ဆောင်မှုကို လူတွေအများအပြားကလည်း ချီးကျူးခဲ့ကြပါတယ်။ တနင်္လာနေ့မှာတော့ ဒီပွဲရဲ့ ကျန်ရှိနေတဲ့ မိနစ်တွေကို ပြန်လည်ကစားခဲ့ရာမှာ အယ်လ်ရေယန် အသင်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။

အယ်လ်ရေယန်အတွက် ဂိုးတွေကို ဂျိမ်းစ်ရိုဒရီဂွတ်စ်က (၂)ဂိုးနဲ့ ခါလီဇာဒက်ချ်က (၁)ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ရေယန် အသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၈)နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရာသီ အစကမှ အဲဗာတန် အသင်းကနေ ထွက်ခွာပြီး အယ်လ်ရေယန် အသင်းကို ရောက်ရှိလာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ ကာတာကလပ်အတွက် (၄)ပွဲ ပါဝင်ကစားထားပြီး (၃)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွတ်စ်ဟာ ပေါ်တို၊ မိုနာကို၊ ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေမှုလည်း ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

Source: Daily Mail