CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂
အသက်(၂၇)နှစ်အရွယ်ရှိ တူရကီကစားသမား ကာလစ်ခ်ဟာ မင်္ဂလာပွဲစီစဉ်ဖို့သွားရင်း လမ်းမှာကားတိုက်မှုဖြစ်ပြီး သေဆုံး သွားခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ကာလစ်ခ်ဟာ အန်ကာရာမြို့ကိုသွားတဲ့ ကားလမ်းမပေါ်မှာ ကားတိုက်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တူရကီ လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားတဲ့ ကာလစ်ခ်ဟာ ထိတ်လန့်ဖွယ် ကားတိုက်မှုဖြစ်စဉ်တွင် ကားပေါ်မှာ သူတစ်ဦးတည်းသာ ရှိနေခဲ့တာပါ။
သတင်းတွေအရ ကာလစ်ခ်ဟာ အန်ကာရာကိုသွားတဲ့ လမ်းပေါ်မှာ မောင်းနှင်နေချိန်အတွင်း ကားကို ထိန်းချုပ်နိုင်ခြင်း မရှိ တော့ဘဲ ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်မှာ ကားဟာ လမ်းဘေးမှာရှိတဲ့ မြောင်းထဲကို မှောက်ကျသွားခဲ့တာလို့ ဖော် ပြထားတာ တွေ့ရပါတယ်။
ကာလစ်ခ်ဟာ ဒီအခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာပဲ ကွယ်လွန်သွားခဲ့တာလို့ တူရကီနိုင်ငံက သတင်းတွေမှာ ရေးသားထားပါတယ်။ ကာလစ်ခ်သည် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် မင်္ဂလာပွဲအတွက် စီစဉ်နေတာတွေကို အပြီးသတ်နိုင်ဖို့ လေ့ကျင့်ရေး မရှိတဲ့ အားလပ်ရက်မှာ အန်ကာရာကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ကားမတိုက်ခင်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သေဆုံးသွားခဲ့တဲ့ ကာလစ်ခ်ဟာဆိုရင် တူရကီစူပါလိဂ်ကလပ်ဖြစ်တဲ့ ကွန်ယာစပေါ် အသင်းမှာ ကစားနေတာပါ။ကာလစ်ခ်ရဲ့ သတင်းဆိုးကို ကြားပြီးနောက် သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ ကွန်ယာစပေါ် အပါအဝင် အသင်းဟောင်းတွေနဲ့ တူရကီအား ကစားဝန်ကြီးကလည်း ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။
ကာလစ်ခ်စီးခဲ့တဲ့ ကားတိမ်းမှောက်နေမှုကိုတွေ့ရစဉ်။(Sports)
ကွန်ယာစပေါ် အသင်းက “ကျနော်တို့ရဲ့ ကွန်ယာစပေါ်ကို သူပထမဆုံးရောက်လာတဲ့ နေ့ကတည်းက ကျနော်တို့ရဲ့ ပရိသတ် တွေနဲ့ ကျနော်တို့မြို့ရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာဖြစ်ပြီး ကျနော်တို့ ကစားသမားကို ဆုံးရှုံးလိုက်ရတဲ့အတွက် အလွန်ဝမ်းနည်း မိ ပါတယ်။ ကျနော်တို့အားလုံး အထူးသဖြင့် ကာလစ်ခ်ရဲ့ မိသားစုအတွက် ဝမ်းနည်းမိတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။
Sport Arena ကတော့ ကွန်ယာစပေါ် အသင်းဟာ ဇန်နဝါရီ ၁၅ ရက်မှာ ကစားမယ့် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ နဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ တူရကီဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကာလစ်ခ်နဲ့ အတူ ဂါလာတာစာရေးမှာ ကစားခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ပိုဒေါစကီးကလည်း “ဒီသတင်းကိုကြားရတာ စိတ်မကောင်းဖြစ်ရသလို အလွန် ထိတ်လန့်သွားခဲ့ပါတယ်။ သေခြင်းတရားက မင်းနဲ့ မကိုက်ညီသေးပါဘူး ငါ့ညီရာ။ ဘုရားသခင်က မင်းရဲ့ဝိညာဉ်ကို ကောင်း ကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူခွင့်ပေးမှာပါ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဂျန်ဆလာဘာလီဂျီ အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ကာလစ်ခ်ဟာ ဂါလာတာစာရေး အသင်းကနေ ၂၀၂၀ ကမှ ကွန်ယာစပေါ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ကာလစ်ခ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲဝင် တူရကီလက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ပါဝင်ကစားရခြင်း မရှိခဲ့တာပါ။ ကာလစ်ခ်သည် တူရကီ လက်ရွေးစင် အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ၂၀၁၇ ခုနှစ်က မောလ်ဒိုဗာနဲ့ ခြေစမ်းပွဲမှာ (၁)ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail