CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

အသက်(၅၄)နှစ်အရွယ်ရှိ ဂျပန်နာမည်ကြီး ကစားသမား ကာဇူရိုရှီမီအူရာဟာ သူ့ရဲ့ နှစ်ပေါင်းများစွာ ကြာရှည်ပြီဖြစ်တဲ့ ကစားသမားဘဝကို ထပ်တိုးတဲ့အနေနဲ့ အင်္ဂါနေ့က သူ့ရဲ့ အစ်ကိုဖြစ်သူ ကိုင်တွယ်နေတဲ့ အသင်းကို ပြောင်းရွှေ့လိုက်ပါ တယ်။

ကာဇူရိုရှီမီအူရာဟာ ဂျပန်စတုတ္တတန်း အသင်းဖြစ်တဲ့ ဆူဇူကာပွိုင့်စ်ဂတ်တာစ် အသင်းကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ King Kazu လို့ လူသိများတဲ့ မီအူရာဟာ အသင်းသစ်ကို နိုင်ပွဲရအောင် ကြိုးစားပေးမှာဖြစ်တယ်လို့ အပြောင်းအရွှေ့အပြီးမှာ ပြောခဲ့ တာပါ။

ဂျပန်လက်ရွေးစင် ကစားသမားဟောင်းဖြစ်တဲ့ မီအူရာဟာ လာမယ့်ရာသီမှာ ဆူဇူကာပွိုင့်စ်ဂတ်တာစ် အသင်းရဲ့ ကျောနံပတ် (၁၁)ဂျာစီကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီမှာ အသက်(၅၅)နှစ် ပြည့်တော့မယ့် မီအူရာက သူ့ကို ခေါ်ယူ ဖို့ ဂျပန်နဲ့ ပြည်ပ ကလပ်အသင်းတွေ အများအပြားဆီကနေ ကမ်းလှမ်းမှုကို ရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့တာပါ။

ပုံ-မီအူရာနဲ့ သူ့အစ်ကိုကိုတွေ့ရစဉ်။(Kyodo News)

မီအူရာဟာ ပြီးခဲ့တဲ့ရာသီက ဂျေလိဂ်(၁)အသင်းဖြစ်တဲ့ ယိုကိုဟားမား အသင်းမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

မီအူရာဟာ ပြီးခဲ့တဲ့ရာသီက ဂျေလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ယိုကိုဟားမား အသင်းအတွက် လိဂ်ပြိုင် ပွဲမှာ (၁)မိနစ်သာ ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန်ဝါရင့် ကစားသမားကတော့ အသင်းသစ်မှာ ပိုပြီး သက်ရောက်မှု ရှိ နိုင်ဖို့ မျှော်လင့်နေတာပါ။

မီအူရာဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဘရာဇီးလ်၊ ဂျပန်၊ အီတလီ၊ ခရိုအေးရှားနဲ့ သြစတြေးလျနိုင်ငံတွေမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ ကစားခွင့်ရမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ မီအူရာက အသင်းသစ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ယိုကိုဟားမား အသင်းက ပြီးခဲ့တဲ့လက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ကစားချိန်ပို ရချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ကစားသမားကတော့ အသက်(၆၀)ပြည့်တဲ့အထိ ဆက်ကစားချင်တယ်လို့ ပြောခဲ့တာပါ။

ပုံ-မီအူရာကိုတွေ့ရစဉ်။(AFP)

မီအူရာဟာ  ၁၉၉၀ ပြည့်နှစ်က အာရှရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ မီအူရာဟာ ၁၉၈၂ ခုနှစ်မှာ ဂျပန်ကနေ ထွက်ခွာပြီး ဘရာဇီးလ်ကို သွားရောက်ခဲ့ကာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ၁၉၈၆ ခုနှစ် မှာတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ဆန်းတို့စ်အသင်းနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မီအူရာဟာ ၁၉၉၀ ပြည့်နှစ်မှာ ဂျပန်လက်ရွေးစင် အသင်းအတွက် ပွဲထွက်ခဲ့တာဖြစ်ပြီး ၈၉ ပွဲကစားကာ ၅၅ ဂိုး သွင်းယူနိုင်ခဲ့ တာပါ။ မီအူရာဟာ ဂျပန်ဖူဆယ် အသင်းအတွက်လည်း ၂၀၁၂ ခုနှစ်မှာ ကစားခဲ့ပြီး ၆ ပွဲ ပါဝင်ကစားခဲ့ကာ (၁)ဂိုး သွင်းယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။

Source: Besoccer