၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူဟာ အငြင်းပွားဖွယ်ရာ အင်တာဗျူး ဖြေခဲ့ပြီးနောက်မှာ ချယ်လ်ဆီး အသင်း ပရိသတ်တွေကို ပြန်လည် တောင်းပန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အင်တာမီလန် အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၉၇ ဒသမ ၅) သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာတဲ့ လူကာကူဟာ လန်ဒန်ကလပ်မှာ မပျော်ရွှင်တော့ဘူးလို့ Sky Sports Italy နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ အဲ့ဒါကြောင့် လူကာကူဟာ လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ အသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လူကာကူဟာ အင်တာဗျူးမှာ ဒီလိုဖြေခဲ့တာကြောင့် အနည်းဆုံး တစ်ပတ်လုပ်ခလစာ ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမှာ လည်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃,၂၅၀,၀၀ ဝန်းကျင် ရရှိနေ တာပါ။ လူကာကူဟာ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ် အပြီးမှာ ပရိသတ်တွေကို တောင်းပန်ကြောင်း ပြောလာခဲ့တာ ဖြစ်ပါတယ်။
ပုံ-နည်းပြ တူချယ်လ်နဲ့ လူကာကူကိုတွေ့ရစဉ်။(SI)
လူကာကူက “ပရိသတ်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်။ ကျနော် ဆယ်ကျော်သက် အရွယ်ကတည်းက ဒီကလပ်နဲ့ ဆက်စပ်မှုတွေ ရှိတယ်ဆိုတာကို ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့် ခင်ဗျားတို့ စိတ်ဆိုးဒေါသ ထွက် နေတာကို အပြည့်အဝ နားလည်ပါတယ်။ အခုအချိန်မှာ ခင်ဗျားတို့ရဲ့ ယုံကြည်မှုကို ရဖို့က ကျနော့်အပေါ်မှာ မူတည် သွားပါပြီ။ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း အကောင်းဆုံး လုပ်ဆောင်နေပြီး ပွဲတွေ အနိုင်ရဖို့အတွက်လည်း အစွမ်းကုန် ကြိုး စား ပေးသွားမှာပါ”လို့ ပြောပါတယ်။
လူကာကူအနေနဲ့ အခုလို ပြန်လည် တောင်းပန်ခဲ့တဲ့အတွက် စပါးအသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်ရဲ့ အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်လာမယ်လို့ နည်းပြ တူချယ်လ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် လူကာကူ အနေနဲ့ စတမ်းဖို့ဘရစ်ချ်မှာရှိတဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ခံနိုင်ရည်ရှိဖို့တော့ လိုတယ်လို့ နည်းပြ တူချယ်လ်က သတိပေးခဲ့ပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူးက ဒီအင်တာဗျူးဟာ အင်တာမီလန်အသင်း ပရိသတ်တွေကို နှုတ်ဆက်ချင်လို့ ပြုလုပ်ခဲ့တာလို့ ဖြေရှင်းခဲ့ ပါသေးတယ်။
လူကာကူက “ရိုးရိုးသားသား ပြောရရင် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ အင်တာမီလန် အသင်း ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာပါ။ ချယ်လ်ဆီး ပရိသတ်တွေ၊ ဘောလုံးအသင်း၊ အသင်းပိုင်ရှင်၊ အသင်းဖော်တွေနဲ့ အသင်းနည်းစနစ် အဖွဲ့ဝင်တွေကို မလေးမစား လုပ်ခဲ့တာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
Source: Daily Mail