၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅
ဒိန်းမတ်အသင်း ကွင်းလယ်ကစားသမား အဲရစ်ဆန်ဟာ ယူရိုမှာ ဖြစ်ခဲ့တဲ့ ရုတ်တရက်ကွင်းထဲ လဲကျခဲ့အပြီးမှာ (၅)မိနစ်ကြာ သေဆုံးသွားခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
အဲရစ်ဆန်ဟာ ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ နှလုံးရောဂါ ခံစားခဲ့ရတာပါ။ ဒါပေမယ့် အဲရစ်ဆန်ဟာ အသင်းဖော် ကေဂျာရဲ့ လျင်လျင်မြန်မြန်အရေးပေါ်အသက်ကယ်ဆယ်ပေးတာ အပါအဝင် ကွင်းထဲမှာရှိတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားမှုကြောင့် အသက်မသေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
အဲရစ်ဆန် က ဒိန်းမတ်ရုပ်သံလိုင်း DR1 နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ သူ့ရဲ့ နှလုံးခုန်နှုန်းဟာ (၅) မိနစ်ခန့် ရပ်တန့်သွားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆန် က “လူတွေအများအပြားက စာရေးဖို့ ဒါမှမဟုတ် ပန်းတွေပို့ဖို့ လိုတယ်လို့ ခံစားရတာဟာ အလွန်အံသြဖို့ ကောင်းပါတယ်။ ဒါဟာ လူအများအပြားအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကျနော်နဲ့ ကျနော့်ရဲ့မိသားစုကို အသိပေးဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်။ ဒါက ကျနော့်ကို အလွန်ပျော်ရွှင်စေပါတယ်။ ဆေးရုံမှာ ပန်းတွေပိုများလာမယ်လို့ သူတို့က ပြောကြပါတယ်။ ဒါဟာ ထူးဆန်းပါတယ်။ လူတွေဆီကနေ ပန်းတွေပို့ဖို့ကို မမျှော်လင့်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်ဟာ (၅)မိနစ်ကြာ သေဆုံးသွားခဲ့လို့ပါ”လို့ ပြောခဲ့တာပါ။
အသက်(၂၉)နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ သူ့ရဲ့အသက်ကို ကယ်တင်ပေးတဲ့သူတွေနဲ့ သူတို့ရဲ့ ချစ်ရတဲ့သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ပါတယ်။ အဲရစ်ဆန် က “ကျနော်နဲ့ လူချင်းတွေ့ခဲ့ဖူးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆရာဝန်တွေ၊ အသင်းဖော်တွေနဲ့ သူတို့ရဲ့မိသားစုမှာရှိတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထောင်နဲ့ချီတဲ့ စာတွေ၊ အီးမေးလ်တွေနဲ့ ပန်းတွေပေးပို့တဲ့သူတွေအားလုံး၊ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့တဲ့ ကမ္ဘာတဝှမ်းက အားပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့” ပြောခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ နှလုံးရောဂါကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် နှလုံးခုန်နှုန်းကို ထိန်းပေးတဲ့ (ICD) စက်ကို တင်ဆင်ထားရတာပါ။ အဲဒါကြောင့်လည်း အီတလီမှာ ကစားခွင့်မရတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလက အင်တာ မီလန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့ရတာဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေ ပြီး အသင်းသစ်ရှာဖွေနေတာလည်း ဖြစ်ပါတယ်။ ဒိန်းမတ် ကစားသမားကတော့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့က သူ့ရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆန် က “ကျနော့်ရည်မှန်းချက်က ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ပါ။ ဒါဟာ ကျနော့်ရဲ့ စိတ်ထဲမှာ ရှိတဲ့အရာပါ။ ဒါဟာ ရည်မှန်းချက်ဖြစ်သလို အိမ်မက်လည်းဖြစ်ပါတယ်။ ရွေးချယ်ခံရမလားဆိုတာတော့ တခြား အရာတွေပါ။ ဒါပေမယ့် လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရဖို့က ကျနော့်ရဲ့ အိမ်မက်ပါပဲ။ ဘာမှ မခြားနား ဘူးလို့ ခံစားရလို့ ပြန်လာနိုင်မယ်ဆိုတာ အသေအချာပါပဲ။ ရုပ်ပိုင်းဆိုင်ရာမှာလည်း ထိပ်တန်းပုံစံကို ရနေပါပြီ” လို့ အင်တာဗျုးမှာ ဖြေခဲ့တာဖြစ်ပါတယ်။
Source: The Sun