CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅
မန်ယူအသင်းရဲ့ ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်မှာ ကစားသမား(၁၁)ဦးဟာ အသင်းကနေ ထွက်ခွာ ချင်နေတာကြောင့် ဂျာမန်လူမျိုးနည်းပြဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီလို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။
ရက်ဂ်နစ်ဟာ နိုဝင်ဘာလက ထုတ်ပယ်ခံလိုက်ရတဲ့ ဆိုးလ်ရှားနေရာမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ မန်ယူ အသင်းဟာ ရက်ဂ်နစ် လက်ထက် ပထမဆုံးရှုံးပွဲအဖြစ် ဝုလ်ဗ်စ် အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ အဝတ်လဲခန်းဟာ ပြိုကွဲနေပြီး အသင်းဖော်တွေကြား စည်းလုံးညီညွှတ်မှုလည်း မရှိတော့ဘူး စတဲ့ ဆိုးရွားတဲ့ ပြဿနာ အများအပြားကို ရက်ဂ်နစ် ရင်ဆိုင်နေရတာပါ။ မန်ယူအသင်း ကစားသမား အများအပြားဟာ ရက်ဂ်နစ်ရဲ့ နည်းစနစ် အပေါ် အထင်ကြီးခြင်းလည်း မရှိသလို သူစုဖွဲခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ အရည်အသွေးတွေ အပေါ်မှာလည်း စိတ်ပျက်နေ တယ်လို့ မေရာသတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကစားသမား (၁၁)ဦးကလည်း အိုးထရက်ဖိုဒ့်မှာရှိတဲ့ သူတို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိတ်ပျက်နေတာကြောင့် ထွက်ခွာဖို့ ကြိုးစားနေတာပါ။
မန်ယူအသင်းရဲ့ အဝတ်လဲခန်းမှာ ဖြစ်နေတဲ့ အခြေအနေတွေအရ နည်းပြဟောင်း ဆိုးလ်ရှား လက်ထက်မှာကတည်းက ပွဲ မကစားရတဲ့ ကစားသမားတွေဟာ ရက်ဂ်နစ် လက်ထက်မှာလည်း ပွဲကစားရဖို့ ပိုမို အလှမ်းဝေးကွာနေတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ခုက အဆိုပါ သတင်းစာကို “ဒါဟာ မကောင်းပါဘူး။ ယူနိုက်တက်ရဲ့ အခြေအနေက တကယ်ကို ဆိုးရွားနေပြီး အသင်းမှာ ကြီးမားတဲ့ ပြဿနာ ရှိနေပုံရတယ်”လို့ ပြောခဲ့တာပါ။
ပုံ-မန်ယူကစားသမားများကိုတွေ့ရစဉ်။(Manchester United)
လင်ဂတ်၊ ဗန်ဒီဘိခ်၊ ဒိန်းဟန်ဒါဆန်နဲ့ ဘိုင်းလီတို့ အပါအဝင် ကစားသမား အချို့ဟာ ရက်ဂ်နစ် လက်ထက်မှာ ပွဲကစားချိန် နည်းပါးနေတာကြောင့် စိတ်ပျက်နေတာ ဖြစ်ပါတယ်။
လင်ဂတ်နဲ့ ဗန်ဒီဘိခ်တို့ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ အရေးမကြီးတဲ့ ပွဲစဉ်ဖြစ်တဲ့ ယန်းဘွိုင်းနဲ့ ပွဲမှာ ပွဲစကတည်းက ပါဝင် ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဗန်ဒီဘိခ်က ၆ မိနစ်နဲ့ လင်ဂတ်က ပါဝင်မကစား ရသေးတာပါ။ ဘိုင်းလီနဲ့ ဒိန်းဟန်ဒါဆန် တို့က လည်း အသင်းရဲ့ အနာဂတ်ကို စဉ်းစားနေတာ ဖြစ်ပါတယ်။
အဝတ်လဲခန်းမှာ ကောင်းမွန်မှု မရှိတဲ့ ခံစားချက်က အသင်းလိုက် သဟဇာတ ဖြစ်မှုအပေါ်မှာ များစွာ သက်ရောက်မှု ရှိနေတာ လည်း ဖြစ်ပါတယ်။
ဝုလ်ဗ်စ်ကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ နောက်ခံလူ လုပ်ခ်ရှော့က အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး ပြောခဲ့သလို အသင်းထဲ မှာ လည်း ကြီးမားတဲ့ ပြဿနာတွေရှိနေတယ်လို့ အကြံပြုထားတာဖြစ်ပါတယ်။
လုပ်ခ်ရှော့က “ကျနော်တို့ ကစားသမားတွေ ဒီမှာရှိနေတာကြာပါပြီ။ ကျနော်တို့ အိမ်ကွင်းမှာ ကစားနေတာဖြစ်ပေမယ့် ပြင်း ထန်မှု ရှိတဲ့အခါမှာ ဘယ်လိုဖြစ်လဲဆိုတာကို သိပါတယ်။ လှုံ့ဆော်မှုလည်း ရှိတယ်လို့ ခင်ဗျားတို့ ခံစားရမှာပါ။ အခုတော့ ရုန်းကန်ခဲ့ရပါတယ်။ ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ အားလုံး ကွင်းထဲမှာ အတူရှိနေတယ်လို့တောင် မခံစားရပါဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Metro