CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅

ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ပြိုင်ပွဲဝင် ကစားသမားများ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီး ဖြစ်ရမည်ဆို သော ဆေးဘက်ဆိုင်ရာ သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ရပြီးနောက် အခုလကုန်ပိုင်းမှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ကာကွယ်ဆေးထိုးထားရမှာ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ သီးခြားအဖွဲ့ကနေ ကင်းလွတ်ခွင့် ရရှိရမယ်လို့ ပြိုင်ပွဲကျင်းပရေးက သတ်မှတ်ထားတာပါ။

အသက်(၃၄)နှစ်အရွယ်ရှိ ဂျိုကိုဗစ်ကတော့ သူ့ရဲ့ ကာကွယ်ဆေး ထိုးထားမှု အခြေအနေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ် ဖော် ပြောထားခြင်းမရှိပါဘူး။ သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ အကြီးအကဲကတော့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို (၉)ကြိမ် ရထား တဲ့ ဂျိုကိုဗစ်ကို အထူးအခွင့်ရေး ပေးထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

သြစတြေးလျ အိုးပန်းပြိုင်ပွဲ အကြီးအကဲဖြစ်သူ တိုင်လေးက “လျှောက်လွှာတင်တဲ့ အားကစားသမား(၂၆)ဦးရှိပြီး လက်တစ် ဆုပ်စာကို ခွင့်ပြုပေးခဲ့ပါတယ်။ ဂျိုကိုဗစ် ဒါမှမဟုတ် ဘယ်တင်းနစ် ကစားသမားကိုမှာ အထူးအလေးပေးတာနဲ့ အထူးအခွင့် ရေးပေးတာ မရှိခဲ့ပါဘူး။ လူတိုင်းအတွက် ပုံမှန်ဖြစ်စဉ်ထက် ကျော်လွန်သွားခဲ့တဲ့ အထက်ကဖြစ်စဉ် တစ်ခုတော့ရှိခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဇန်နဝါရီ ၁၇ ရက်က စတင်ပြီး မဲလ်ဘုန်းမှာ ကျင်းပသွားတော့မှာပါ။

ပုံ- ဂျိုကိုဗစ်ကိုတွေ့ရစဉ်။(Nokia News)

ဂျိုကိုဗစ်က“ ကျနော်ဟာ အနားယူနေတဲ့ အချိန်မှာ ချစ်ရတဲ့သူတွေနဲ့ အလွန်ကောင်းမွန်တဲ့ အချိန်တွေကို ခံစားခဲ့ရပါတယ်။ အခုတော့ ကင်းလွတ်ခွင့် ခွင့်ပြုချက်တွေနဲ့အတူ ကျနော်သွားနေပါပြီ။ ၂၀၂၂ ကို သွားကြရအောင်ပါ။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း တင်းနစ်နဲ့အတူ ရှင်သန်ပြီး အသက်ရှုဖို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသား ခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ ကျင်းပရေး အဖွဲ့ဖြစ်တဲ့ သြစတြေးလျ တင်းနစ်အဖွဲ့ကတော့ ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲကို ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမည့် နေရာကို လာရောက်နေပြီလို့ အတည်ပြုထားပါတယ်။ တိုင်လေက ကာကွယ်ဆေး မထိုးရသေးတဲ့ ကစားသမား အချို့ကို အခုနှစ်ရဲ့ ပထမဆုံး ဂရမ်းဆလမ်းပြိုင်ပွဲမှာ ပါဝင်ကစားစေဖို့ ခွင့်ပြုထားတယ်လို့ အခုသတင်းပတ်ရဲ့ အစောပိုင်းမှာ ပြောထားပါတယ်။

ဂျိုကိုဗစ်ဟာ ဆစ်ဒနီမှာ ကျင်းပနေတဲ့ ATP Cup ပြိုင်ပွဲဝင် ဆားဘီးယား အသင်းကနေ နုတ်ထွက်ခဲ့တာကြောင့် မဲလ်ဘုန်းမှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ပါဝင်နေတဲ့အပေါ်မှာ သံသယတွေ ပိုပြီး တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

ဘီဘီစီရဲ့ တင်းနစ် ဝေဖန်သုံးသပ်သူ အန်ဒရူးကတ်စတယ်လ်ကတော့ ဒီလိုကင်းလွတ်ခွင့်အပေါ် မအံ့သြမိပေမယ့် ဆုံးဖြတ် ချက်ဟာ မျှတမှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

အန်ဒရူးကတ်စတယ်လ်က “ဂျိုကိုဗစ်ရဲ့ ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်က ဘာလဲဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါက သီးသန့်ဖြစ်နေလို့ ကျနော်တို့ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC