၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ မဲလ်ဘုန်းကို ရောက်ရှိတဲ့အချိန်မှာ သူ့ရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်တယ်လို့ ဘီဘီစီက ဖော်ပြလိုက်ပါတယ်။

နယ်ခြားစောင့်တပ်တွေက ဆားဘီးယား ကစားသမားဟာ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာလို့ ပြည်နှင်ဒဏ် ပေးမယ်လို့ မကြေညာခင် လေဆိပ်မှာ နာရီအတော်ကြာအောင် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အစိုးရကတော့ ဂျိုကိုဗစ် ပြန်လည် ထွက်ခွာမယ့် လေယာဉ်ကို ဆိုင်းငံ့ခဲ့ပြီး ထိန်းသိမ်းဖို့ ဟိုတယ်ကို ခေါ်သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးထိုးဖို့ ကင်းလွတ်ခွင့်ကြောင့် သြစတြေးလျအိုးပန်းမှာ ပါဝင်ခွင့်ရမယ်လို့ ပြောပြီးနောက်မှာ အခု အဖြစ်အပျက်ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မပြောခဲ့ပေမယ့် မနှစ်ကတုန်းက သူဟာ ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်တယ်လို့ ပြောထားခဲ့တာပါ။ သြစတြေးလျ တင်းနစ်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ကလည်း ဂျိုကိုဗစ် ဒီပြိုင်ပွဲမှာ ပါဝင်မယ်လို့ အတည်ပြုခဲ့ပေမယ့် ကစားသမားဟာ ဒူဘိုင်းကနေ မဲလ်ဘုန်းကို ရောက်အပြီးမှာ ဒီလို အခြေအနေတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျ နယ်ခြားစောင့်တပ်ကတော့ ဂျိုကိုဗစ်ဟာ နိုင်ငံအတွင်းကို ဝင်ရောက်ဖို့အတွက် သင့်တော်တဲ့ အထောက် အထားတွေ မပေးခဲ့တာကြောင့် သူ့ရဲ့ ဗီဇာကို နောက်ပိုင်းမှာ ရုပ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ပုံ-ဩစတြေးလျ နယ်ခြားစောင့်တပ်ကိုတွေ့ရစဉ်။(GETTY IMAGES)

သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဒီပြိုင်ပွဲအတွက် ဂျိုကိုဗစ် ပါဝင်လို့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအထက်မှာ ဘယ်သူမှမရှိဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကစားသမားရဲ့ ဝင်ခွင့်မှာ ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်တွေ မပါဝင်ကြောင်း ပြောခဲ့သလို ပေးထားတဲ့ အထောက်အထားတွေကလည်း လုံလောက်မှု မရှိဘူးလို့ ပြောခဲ့တာပါ။

ဒေသတွင်း သတင်းတွေမှာတော့ တရားဝင် အယူခံဝင်နိုင်သလို ဒါမှမဟုတ် ဗီဇာအသစ် လျှောက်ထားနိုင်တာကြောင့် ဂျိုကိုဗစ် ဟာ ဒီပြိုင်ပွဲမှာ ပြန်ဝင်ပြီး ယှဉ်ပြိုင်နိုင်တယ်လို့ ပြောနေကြပါတယ်။

အစောပိုင်းမှာ သြစတြေးလျ ကျန်းမာရေးဝန်ကြီး ဟန့်က ဂျိုကိုဗစ်ကို ပြုမူရတာဟာ ခက်ခဲပေမယ့် မျှတမှုရှိကြောင်းနဲ့ သြစတြေးလျ အစိုးရလက်အောက်မှာ အားလုံးအတွက် စည်းမျဉ်းတစ်ခုတည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျိုကိုဗစ် အပေါ် အခုလို ဆက်ဆံပုံတွေဟာ သူ့ရဲ ဇာတိ ဆားဘီးယားနိုင်ငံမှာ ဒေါသထွက်မူတွေ ဖြစ်စေခဲ့ပါတယ်။

ဂျိုကိုဗစ်ရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားကို လေဆိပ်မှာရှိတဲ့  ရဲတွေစောင့်ကြပ်တဲ့ အခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောခဲ့ ပါတယ်။ ဒါဟာ ဂျိုကိုဗစ်အတွက် တိုက်ပွဲမဟုတ်ဘဲ တကမ္ဘာလုံးအတွက် တိုက်ပွဲဖြစ်တယ်လို့ သူ့ရဲ့ဖခင်က မီဒီယာတွေကို ပေးခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ဆားဘီးယားသမ္မတ ဗူဆစ်က ဂျိုကိုဗစ်ဟာ နှောင့်ယှက်ခံရခြင်းရဲ့ သားကောင်ဖြစ်ခဲ့ပြီး ဆားဘီးယား တစ်နိုင်ငံလုံးက သူ့ကို ထောက်ခံကြတယ်လို့ပြောခဲ့ပါတယ်။ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို မဲလ်ဘုန်းမှာ အခုလ(ဇန်နဝါရီ ၁၇ ရက်) စတင် ကျင်းပ မှာဖြစ်ပြီး ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို (၉)ကြိမ် ဗိုလ်စွဲထားသူလည်း ဖြစ်ပါတယ်။

Source: BBC