၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူဟာ စပါးအသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ပထမ အကျော့ပွဲစဉ်မှာ သူ့ကို လှောင်ပြောင်ခဲ့တဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေကို တိတ်တိတ်နေဆိုတဲ့ပုံစံ လုပ်ပြသွားခဲ့ပါတယ်။

စပါးအသင်း ပရိသတ်တွေဟာ မကြာသေးခင်က လူကာကူဖြေခဲ့တဲ့ အင်တာဗျူးကို ရည်ညွှန်းပြီး သူဟာ အင်တာမီလန်၊ သူ ဟာ အင်တာမီလန်၊ ရိုမီလူ လူကာကူ သူဟာ အင်တာမီလန်ဆိုပြီး လှောင်ပြောင်ခဲ့ ကြတာပါ။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက စပါး အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လူကာကူဟာ ဒီပွဲမှာ အသင်းရဲ့ လူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပြီး ချယ်လ်ဆီးအတွက် ဂိုးတွေကို ဟာဗတ်စ်နဲ့ စပါး နောက်ခံလူ ဘန်ဒေးဗီးစ်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ ဘန်ဒေးဗီးစ် ကိုယ့်ဂိုးကိုယ် သွင်းယူပြီးနောက်မှာ လူကာကူဟာ သူ့ကို လှောင်ပြောင်နေတဲ့ စပါးအသင်း ပရိသတ်တွေကို သူ့ရဲ့ ပါးစပ်ပေါ်မှာ လက်ချောင်းတင်ကာ တိတ်တိတ်နေဆိုတဲ့ ပုံစံ ပြန်လည် လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်ဘဲ အင်တာမီလန်အသင်းထံ ပြန်ချင်တယ်လို့ ပြောခဲ့တဲ့ အင်တာဗျူးကြောင့် လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။

ပုံ-လူကာကူနဲ့ နည်းပြတူချယ်လ်ကိုတွေ့ရစဉ်(Daily Mail)

ဒါပေမယ့် လူကာကူဟာ နည်းပြတူချယ်လ်နဲ့ ဆွေးနွေးအပြီးမှာ အသင်း၊ နည်းပြ၊ အသင်းဖော်တွေ၊ အသင်းမှာရှိတဲ့ ဝန်ထမ်း တွေနဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့တာကြောင့် ဒီပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူကာကူဟာ စပါးနဲ့ ပွဲ အပြီးမှာ အသင်း ပရိသတ်တွေကို လက်ခုပ်တီးခဲ့သလို မက်သယူးဟားဒင်း ပွဲကြည့်စင်ဘက်ကို လက်မထောင်ခဲ့တာကို တွေ့ ခဲ့ရပါတယ်။ ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ်က လူကာကူဟာ စိတ်အေးလက်အေး ရှိနေခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ တာပါ။

တူချယ်လ်က “ရိုမီလူဟာ နောက်ဆုံးပွဲက အနားယူခဲ့တာပါ။ လူကာကူကို နေ့စဉ်နေ့တိုင်း တွေ့မြင်နေရပြီး မကြာသေးခင် ရက်ပိုင်းတွေကတောင် သူဟာစိတ်အေးလက်အေး ရှိနေတာကြောင့် သူ့ကို ဘာမှထိခိုက်မှုရှိမှာ မဟုတ်ဘူးဆိုတာ သေချာပါ တယ်။ သူရဲ့ အခြေအနေဟာ ကောင်းမွန်ပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း  တက်ကြွမှုတွေ ရှိနေပါတယ်။ ရိုမီလူဟာ အခက်အခဲ တွေနဲ့ ဒီအခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ သူဟာ ကျနော်တို့ရဲ့ ခံ စစ်ပိုင်းကိုလည်း အများကြီး ပံ့ပိုးပေးနိုင်ခဲ့ပြီး အခွင့်အရေး အချို့လည်း ရခဲ့ပါတယ်”လို့ Sky Sports နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီနိုင်ပွဲကြောင့် ကာရာဘောင်းဖလား ဗိုလ်လုပွဲတက်နိုင်ဖို့ အခြေအနေ ကောင်းသွား ခဲ့တာပါ။ ချယ်လ်ဆီး အသင်းဟာ ဇန်နဝါရီ ၁၃ ရက်မှာ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် စပါး အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun