CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

ကိုဗစ်ကူးစက်မှု မရှိတော့တဲ့အတွက် မက်ဆီဟာ ပဲရစ်ကို ပြန်လာခဲ့ပြီးနောက် လာမယ့်ရက် အနည်းငယ်အတွင်းမှာ အသင်းနဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာ ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

မက်ဆီ အပါအဝင် ပီအက်စ်ဂျီ ကစားသမား(၄)ဦးဟာ ကိုဗစ်ကူးစက် ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကလပ်အသင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားမှာ ရှိနေချိန် ကိုဗစ် ကူးစက်ခံခဲ့ရတာပါ။ အသက်(၃၄)နှစ် အရွယ်ရှိ မက်ဆီဟာ ပြင်သစ်လိဂ်ရဲ့ အားလပ်ရက်မှာ အာဂျင်တီးနားကို ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ မက်ဆီဟာ ဇနီးဖြစ်သူ အန်တိုနယ်လ်လာနဲ့အတူ ရိုဆာရီယိုမှာရှိတဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ပျော်ရွှင်နေခဲ့တဲ့ ဗီဒီယိုင်ဖိုင်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဘောလွန်းဒီအောဆု (၇)ကြိမ်ရရှိထားတဲ့ ကစားသမားဟာ အဆိုပါ ဖျော်ဖြေရေးပွဲမှာ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊မရှိကို မသိရပေမယ့် ဗန်နက်စ် အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလား ၃၂ သင်း အဆင့် ပွဲစဉ်ကို ပါဝင်နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမားဟာ ပီအက်စ်ဂျီအသင်းရဲ့ လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ဒီမာရီယာ၊ အိုင်ကာဒီတို့နဲ့ အတူ လော်ရီးယန့် အသင်းနဲ့ လီဂူးဝမ်းပွဲစဉ်အပြီးမှာ နိုင်ငံကို ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပုံ-မက်ဆီနဲ့ဇနီးကိုတွေ့ရစဉ်။(Daily NationToday)

ပီအက်စ်ဂျီ အသင်းဟာ ဒီတစ်ပတ်မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီအနေနဲ့ ဒီပွဲမှာ ပါဝင်နိုင်ဖွယ်ရှိလားဆိုတာတော့ မသေချာသေးပါဘူး။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဆီဟာ ပြင်သစ်ကလပ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ(၁၆)ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထား တာပါ။

ပီအက်စ်ဂျီ အသင်းကတော့ ပြင်သစ်လီဂူးဝမ်းမှာ ၁၉ ပွဲကစားပြီး ၄၆ မှတ်နဲ့ ဒုတိယနေရာက နိုက်စ်အသင်းကို ၁၃ မှတ် ဖြတ် ထားကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ်လီဂူးဝမ်း ဆုဖလားကို လိုင်လီ အသင်းထံ ပေးခဲ့ရတာကြောင့် ဒီရာသီမှာ အရယူနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။

မက်ဆီ၊ ရာမို့စ်၊ ဒွန်နာရမ်မာတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားတဲ့ ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီမှာ ချန်ပီယံ လိဂ်ဖလားကို အရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail