CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆
မန်စီးတီးအသင်းဟာ စံချိန်တင် ဂိုးသွင်းရှင်ဖြစ်တဲ့ တိုက်စစ်မှူးဟောင်း အဂွေရိုကို ကလပ်အသင်းနဲ့အတူ သံတမန် တစ်ဉီးအဖြစ် တာဝန်ယူရန် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။
အသက်(၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနား ကစားသမားဟောင်းဟာ နှလုံးရောဂါကြောင့် ပြီးခဲ့တဲ့လက ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဂွေရိုဟာ ပြီးခဲ့တဲ့ ရာသီကမှ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။
အဂွေရိုဟာ ဘာစီလိုနာ အသင်းအတွက် (၅)ပွဲသာ ကစားခဲ့ရပြီး ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ အာဂျင်တီးနား ကစားသမားဟောင်းဟာ သူဘာဆက်လုပ်ဖို့ ရှိလဲဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။ မန်စီးတီး အသင်းကတော့ သူတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကို လုပ်ခလစာနဲ့ အသင်းမှာ ပြန်လည် ခန့်အပ် နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။
ပုံ- အဂွေရိုကိုတွေ့ရစဉ်။ (The Mirror)
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ ၁၉၆၈ ခုနှစ်က ချန်ပီယံဆုရှင် ဆန်မာဘီက ကလပ်သံတမန် အဖြစ် ရှိနေတာပါ။ လတ်စကော့၊ ရိုက်ဖိလစ်၊ မီကာရစ်ချတ်တို့လို အခြားကြယ်ပွင့် ကစားသမားဟောင်းတွေကလည်း အသင်း မှာ တာဝန်အချို့ ရှိနေတာ ဖြစ်ပါတယ်။
အဂွေရိုဟာ လက်ရှိမှာတော့ ဥရုဂွေးနိုင်ငံမှာ အားလပ်ရက် အပန်းဖြေ အနားယူနေတာပါ။ မန်စီးတီး အသင်းဟာ အသင်းနဲ့ အတူ အောင်မြင်မှု အများအပြားရခဲ့တဲ့ အဂွေရိုအတွက် ရုပ်တု တည်ဆောက်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ အဂွေရိုဟာ ဒီဇင်ဘာ ၁၆ ရက်က ဘာစီလိုနာအသင်းမှာ ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့အပြီးမှာ အာဂျင်တီး နား နိုင်ငံကို ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဂွေရိုဟာ မန်စီးတီးအတွက် ၂၆၀ ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ၅ ကြိမ်အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။ မန်ချက်စတာကလပ်ဟာ အဂွေရိုရဲ့ ရုပ်တုကို အခုလာမယ့် နွေရာသီမှာ ပြသသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ အဂွေရိုရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကွန်ပနီနဲ့ ဒေးဗစ်ဆေးလ်ဗား တို့ကိုလည်း အခုလိုပဲ ရုပ်တု တည် ဆောက်ကာ ဂုဏ်ပြုခဲ့တာပါ။ မန်စီးတီး အသင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်မံ ထိန်းသိမ်းနိုင်ဖို့ အလားအလာကောင်းနေတာ ဖြစ်ပါတယ်။
Source: The Sun