CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဇွန်လမှာ ကျင်းပမယ့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းပွဲ ကစားဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ အာဆီယံဘောလုံး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီပွဲကို မတ်လမှာ ကျင်းပသွားဖို့ စီစဉ်နေတာပါ။ မြန်မာအသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် တူရကီနိုင်ငံမှာ စခန်းသွင်း လေ့ကျင့်မှု တွေ ပြုလုပ်ဖို့ စီစဉ်နေဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ပြီးခဲ့တဲ့ အာဆီယံဆူဇူကီးဖလား အုပ်စုပွဲစဉ်မှာ တွေ့ဆုံခဲ့တုန်းက ထိုင်းအသင်းက ၄ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပြီး ထိုင်းအသင်းကတော့ ချန်ပီယံဆုကို (၆)ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်ခင်ကလည်း တူရကီနိုင်ငံမှာပဲ စခန်းသွင်း လေ့ကျင့်ခဲ့တာကြောင့် အခု တစ်ကြိမ်မှာလည်း တူရကီနိုင်ငံမှာပဲ ထပ်မံလေ့ကျင့်ဖို့ စီစဉ်နေတာပါ။
ပုံ-မြန်မာလက်ရွေးစင်အသင်းကိုတွေ့ရစဉ်။(Asean Football)
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်မှာ အုပ်စုတွင်း နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၅ နေရာ မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ အသင်းတွေထဲမှာ မြန်မာ အသင်း ဟာ ယီမင်၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ အကောင်းဆုံး ၃ သင်းထဲမှာ ပါဝင်ခဲ့တာပါ။
အဲ့ဒါကြောင့် ပလေးအောဖ့် ပွဲစဉ်ကစားစရာမလိုဘဲ ခြေစစ်ပွဲ နောက်ဆုံးအဆင့်ဖြစ်တဲ့ တတိယအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ခြေစစ်ပွဲနောက်ဆုံးအဆင့် ကစားရမယ့် ၂၄ သင်းထဲမှာ မဲအိုး(နံပတ်) ၃ နေရာ ကျ ရောက်နေခဲ့ တာပါ။
အာရှဖလားခြေစစ်ပွဲအတွက် မဲခွဲမှုကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဇွန်လ ၈ ရက်ကနေ ၁၄ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကိုတော့ အုပ်စု (၆) အုပ်စုက ထိပ်ဆုံး(၆)သင်းနဲ့ အကောင်း ဆုံး ဒုတိယ(၅)သင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ လက်ရှိမှာတော့ အိမ်ရှင် တရုတ်အသင်း အပါအဝင် အသင်း ၁၃ သင်းဟာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အာရှဖလားပြိုင်ပွဲကို ၁၉၆၈ ခုနှစ်က နောက်ဆုံး ယှဉ်ပြိုင်ထားခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ဒုတိယ ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားတွေ အများအပြား ပါဝင် မကစားနိုင်သေးတာကြောင့် ရလဒ်တွေ ဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၈ ပွဲ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။