CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

ဂျိုကိုဗစ် မိခင်ဖြစ်သူက သူ့ရဲ့သားဟာ မဲလ်ဘုန်းမှာရှိတဲ့ ထိန်းသိမ်းရေးဟိုတယ်မှာ အကျဉ်းသားတဦးလို ဆက်ဆံခံနေရပြီး အဆိုပါနေရာဟာ ညစ်ပတ်ပြီး သန့်ရှင်းမှုမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဂျိုကိုဗစ်ဟာ ဗုန္ဓဟူးနေ့က သူ့ရဲ့ဗီဇာကို ရုပ်သိမ်းခံရပြီးနောက် ကာလ်တန်ရှိ ပါ့ခ်ဟိုတယ်မှာ ထိန်းသိမ်းခံ ထားရတာ ဖြစ်ပါတယ်။ သြစတြေးလျ နယ်ခြားစောင့်တပ်ကတော့ ဂျိုကိုဗစ်ဟာ ပြည်ဝင်ခွင့်အတွက် လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ သင့်လျော်တဲ့အထောက်အထားတွေပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောခဲ့ပြီး ပြည်နှင်ဒဏ်ခံရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတာပါ။

ဂျိုကိုဗစ်ရဲ့ တရားရုံးကြားနာမှုကို တနင်္လာနေ့ဒေသစံတော်ချိန် မနက်(၁၀)နာရီအထိ ရွှေ့ဆိုင်းထားပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက် မချမချင်း သူ့ကိုဟိုတယ်မှာဆက်နေခိုင်းဖို့ အမိန့်ချထားတာဖြစ်ပါတယ်။ ဂျိုကိုဗစ်ရဲ့ မိခင်ဖြစ်သူက “လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျမတို့ စကားအကြာကြီး မပြောခဲ့ဘဲ မိနစ်အနည်းငယ်လောက်ပဲ ပြောခဲ့တာပါ။ သူဟာ အိပ်ဖို့ ကြိုးစားခဲ့ပေမယ့် အိပ်လို့မရဘူး ဖြစ်နေ တယ်”လို့ ကြာသပတေးနေ့က ဘဲလ်ဂရိတ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒါ့အပြင် သူမက“အမေ တယောက်အနေနဲ့ ကျမ ဘယ်လိုပြောရမလဲ၊ ကျမ ဘယ်လိုခံစားနေရလဲဆိုတာ ရှင်တို့ တွေးကြည့်လို့ရပါတယ်။ မနေ့ကတည်းက ဆိုးဆိုးရွားရွားကို ခံစားနေရတာပါ။ သူတို့က သူ့ကို အကျဉ်းသားတဦး လို ဆက်ဆံနေရတာဟာ မျှတမှုရှိတယ်လို့ မခံစားရပါဘူး။ ကျမတို့လည်း ကြိုးစားနေတာကြောင့် သူ့အနေနဲ့ သန်မာဖို့ လိုပါတယ်။ သူအနိုင်ရမယ်လို့လည်း မျှော်လင့်ပါတယ်။သူ့ရဲ့ နေရာထိုင်ခင်းက တော်တော်လေးကို ဆိုးရွားနေတာပါ။ပိုးမွှားတွေနဲ့ ညစ်ပတ်ပြီး အစားအသောက်ကလည်း စိတ်ပျက်ဖို့ ကောင်းပါတယ်။သူတို့က ပိုကောင်းတဲ့ ဟိုတယ် ဒါမှမဟုတ် ငှားထားတဲ့ အိမ်ဆီပြောင်းဖို့ အခွင့်အရေးမပေးချင်ဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ် ရဲ့ ညီဖြစ်သူကလည်း သူ့အစ်ကိုဟာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေကိုမှ ချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ ပြောထားခဲ့ပါတယ်။

“ရှေ့နေတွေက အစစအရာရာ လုပ်ဆောင်နေပြီး ကျနော်တို့အချက်အလက်တွေကို စောင့်ဆိုင်းနေပါတယ်။ သမ္မတ၊ဝန်ကြီးချုပ်နဲ့ ကူညီပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နိုဗတ်အနေနဲ့ အောင်ပွဲယူဆောင်လာ လိမ့်မယ်လို ကျနော်တို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး တရားဝင်မပြောခဲ့ပေမယ့် သြစတြေးလျအိုးပန်းပြိုင်ပွဲကို ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ဝင်ခွင့်ရပြီးနောက် ဗီဇာရုပ်သိမ်းခံရတဲ့အခြေအနေအထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဂျိုကိုဗစ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို (၁၀)ကြိမ်မြောက်ရယူနိုင်ဖို့ မျှော် လင့်နေတာဖြစ်ပါတယ်။

Source:metro