CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် အခုလ(ဇန်နဝါရီ ၉ ရက်)မှာ ကစားမယ့် လိုင်ယွန် အသင်းနဲ့ ပြင်သစ် လီဂူးဝမ်းပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

မက်ဆီအနေနဲ့ နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးခဲ့လို့ ရောဂါပိုး မတွေ့ရှိကြောင်း ပြသခဲ့မယ်ဆိုရင်တော့ ပြင်သစ်ကို ခရီးထွက်လို့ရမှာဖြစ်ပြီး လိုင်ယွန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။

'L'Equipe သတင်းဌာနကတော့ ပီအက်စ်ဂျီအသင်းရဲ့ ရည်မှန်းချက်ဟာ မက်ဆီ အနေနဲ့ အခုသတင်းပတ် မကုန်ခင်မှာ အာဂျင်တီးနား ကနေ ပဲရစ်ကို ပြန်လာဖို့ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ခရစ္စမတ် အားလပ်ရက်ကို မိသားစုနဲ့အတူ ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ ကိုဗစ်ပိုး ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ နာရီပိုင်းအတွင်းမှာပဲ ကိုဗစ်ပိုးရှိကြောင်း မတွေ့ရဘူးဆိုရင်တော့ လိုင်ယွန်အသင်းနဲ့ပွဲကို ပါဝင်ကစားနိုင်ဖို့ အဆင်သင့် ဖြစ်နေမှာလည်း ဖြစ်ပါတယ်။

ပုံ-မက်ဆီနဲ့မိသားစုကိုတွေ့ရစဉ်။(Daily Nation Today)

မက်ဆီအတွက် သတင်းကောင်း တစ်ခုကတော့ ကစားသမားဟာ ဗိုင်းရပ်စ်ပိုး ရှိနေပေမယ့် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ကောင်းမွန်နေတာပါ။ အဲ့ဒါကြောင့်လည်း ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ အကူအညီ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ လက်ရှိအချိန်မှာ မက်ဆီအပြင် ဘားနတ်၊ ရီကို၊ နသန်နဲ့ ဒါနီလိုတို့ဟာ ကိုဗစ်ပိုး ကူးစက်ခံနေရတယ် လို့ အတည်ပြု ထားတာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက ပြင်သစ်ဖလား ပွဲစဉ်အဖြစ် ဗန်နက်စ်အသင်းနဲ့ ကစားခဲ့ရာမှာ ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပြီး ဘတ်ပီက ဟတ်ထရစ်ဂိုး သွင်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီကမှ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီ အသင်းကို အလွတ်နဲ့ ရောက်ရှိ လာတဲ့ မက်ဆီဟာ ဒဏ်ရာ အခြေအနေတွေကြောင့် အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားရသေးတာ ဖြစ်ပါတယ်။ ဘောလွန်းဒီအောဆု (၇)ကြိမ်ရရှိထားတဲ့ ကစားသမားဟာ ပီအက်စ်ဂျီ အသင်းအတွက် (၁၆)ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်း ယူ ထားပေမယ့် အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

Source: Besoccer.com