၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄
တောင်ကိုရီးယားနိုင်ငံ လက်ရွေးစင်အသင်းနဲ့ စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ၂၀၂၁ ခုနှစ်အတွက် အာရှ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားခဲ့လို့ ဒီဆုကို (၅)နှစ်ဆက်တိုက် ရရှိသွားခဲ့သူလည်း ဖြစ်ပါတယ်။
ဒီဆုကို ၂၀၁၃ က စတင်ပေးခဲ့တာဖြစ်ပြီး (၉)ကြိမ်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဆွန်ဟောင်မင်က (၇)ကြိမ်အထိ ဆုရယူနိုင်ခဲ့ တာပါ။ အာရှရဲ့ အကြီးဆုံး လိဂ်တွေမှာရှိတဲ့ ကျွမ်းကျင်သူတွေက မဲပေးခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်က ၂၄၂ မဲနဲ့ ပထမ ရခဲ့တာပါ။ ဇင်းနစ်အသင်းမှာ ကစားနေတဲ့ အီရန်တိုက်စစ်မှူး အဇမွန်က ၁၁၁ မဲနဲ့ ဒုတိယ၊ ပေါ်တိုမှာ ကစားနေတဲ့ အီရန် တိုက်စစ်မှူး တာရီမီက မဲ ၉၀ နဲ့ တတိယနေရာတွေမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းမှာ စပါးအသင်းအတွက် ၁၇ ဂိုးသွင်းယူခဲ့ပြီး တောင်ကိုရီးယားအတွက် ၄ ဂိုး သွင်းယူနိုင်ခဲ့ကာ အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ကြောင်း ပြသနိုင်ခဲ့တာပါ။ ဆွန်ဟောင်မင်ဟာဆိုရင် အသင်းဖော် ဟာရီကိန်းနဲ့ တွဲဖက်ပြီးတော့လည်း သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကြီးမားတဲ့ တွဲဖက်အဖြစ်ရှိခဲ့ပြီး ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
အာရှအတွက် ဘောလွန်းဒီအောဆု တရုတ်သတင်းစာ Titan Sport က ၂၀၁၃ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ပုံ-ဆွန်ဟောင်မင်ကိုတွေ့ရစဉ်။(The Korea Times)
ဆွန်ဟောင်မင်ဟာ ၂၀၁၄ ကစပြီး ထိပ်တန်း ၃ ဦးစာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့တာပါ။ စပါး တိုက်စစ်ကစားသမားဟာ ၂၀၁၄ မှာ ဒီဆုကို ပထမဆုံး အကြိမ်ရရှိခဲ့ပြီး ၂၀၁၅ မှာ ဒုတိယအကြိမ်နဲ့ ၂၀၁၇ ကနေ ၂၀၂၁ အထိ ဆက်တိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဆုဟာ အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ နိုင်ငံအသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေ ဒါမှမဟုတ် အာရှ ဘောလုံးအဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတိုင်း အကျုံးဝင်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အူလ်ဆန်ဟွမ်ဒိုင်း အသင်းမှာ ကစားခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂျူနီယာဟာ ဒီဆုရဲ့ တတိယနေရာမှာ ရပ် တည်ခဲ့ပါတယ်။ ဂျူနီယာဟာ တောင်အမေရိကနေ လာတာဖြစ်ပေမယ့် အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်အသင်းမှာ ပါဝင် ကစားနေတဲ့အတွက် အခုလို ဆုစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။
အာရှအကောင်းဆုံး ဘောလုံးသမားဆုအတွက် ကျန် ၂ ကြိမ်ကိုတော့ ဂျပန် ကစားသမားတွေဖြစ်တဲ့ ဟွန်ဒါနဲ့ အိုကာဇာကီတို့ က ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာလည်း စပါးအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားကာ ၉ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။
Source: Korea Joongang Daily