CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၊ ၄

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရက်ဂ်နစ်က ဝုလ်ဗ်စ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက် အသင်းမှာ ကြီးမားတဲ့ ပြဿနာတွေရှိနေပြီလို့ ဝန်ခံခဲ့သလို ပြိုင်ဘက်အသင်းဟာ သူတို့ထက် ပိုကောင်းတယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲရဲ့ ပွဲပြီးခါနီးမှာ မော်တင်ဟိုက ဝုလ်ဗစ် အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ရက်ဂ်နစ်ရဲ့ မန်ချက်စတာယူနိုက် တက် နည်းပြဘဝ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရော်နယ်ဒို၊ ဆန်ချို၊ ကာဗာနီနဲ့ ဂရင်းဝုဒ်တို့လို တိုက်စစ်ကစား သမားတွေကို ပွဲ အစတည်းက အသုံးပြုခဲ့တာ ဖြစ်ပေမယ့် ဝုလ်ဗ်စ်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းမှု တဝက်တောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝုလ်ဗ်စ်အသင်းကို ၁၉၈၀ နောက်ပိုင်း ပထမဆုံးအကြိမ် အိုးထရက်ဖိုဒ့်ကွင်းမှာ ရှုံးနိမ့် ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ကိုဗစ်ဖြစ်ပွားပြီးနောက် ပြန်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ဘန်လေအသင်းကိုသာ အနိုင်ရထားပြီး နယူးကာဆယ်နဲ့ သရေကျခဲ့သလို အခု ဝုလ်ဗ်စ် အသင်းကိုတော့ ရှုံးနိမ့်ခဲ့တာပါ။

ပုံ-ရော်နယ်ဒိုကိုတွေ့ရစဉ်။(United Journal)

ရက်ဂ်နစ်က “ကျနော်တို့ တစ်ဦးချင်း အနေနဲ့ရော၊ အသင်းအဖွဲ့ အနေနဲ့ရော ကောင်းမွန်စွာ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ပထမ ပိုင်းမှာ သူတို့ကို ကျနော်တို့ ဂိုးပေါက်နဲ့ ဝေးကွာအောင်ထိန်းသိမ်းနိုင်ဖို့ ကြီးမားတဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်။ကျနော်တို့ ပေး လိုက်ရတဲ့ဂိုးမှာ ဂိုးဧရိယာအတွင်း ကစားသမားတွေ အလုံအလောက် ရှိနေခဲ့ပါတယ်။ ဒီရာသီမှာ ကျနော်တို့ ပေးခဲ့ရတဲ့ ဂိုးတွေ က အရမ်းများနေသလိုပါပဲ။ မော်တင်ဟိုက ဘာပြဿနာမှ မရှိသလို၊ ဘာဖိအားမှလည်း မရှိပဲ ဂိုးကန်သွင်း နိုင်ခဲ့တာပါ။ ကျနော်တို့ ရလဒ်နဲ့ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေအတွက် အလွန်စိတ်ပျက်မိပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၄ နေရာက အာဆင်နယ် အသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ထိပ်ဆုံး ၄ သင်း ဝင်ခွင့်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရက်ဂ်နစ်က “ကျနော် ဘယ်လိုအာမခံချက်မှ မပေးနိုင်ပါဘူး။ ဒီနေ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်ပါ။ ကျနော်တို့ ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်လို့ ပြောရင်တောင် လူတွေက ဒါကို ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ဒါဟာ ခက်ခဲမယ်ဆိုတာကို ကျနော်သိပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျနော်တို့ သွားရမယ့်ခရီးက အဝေးကြီး ကျန်သေးတယ်ဆိုတာကို ပြသခဲ့ပါတယ်”လို့ ဖြေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုလ(ဇန်နဝါရီလ) ၁၁ ရက်မှာ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro/ Daily Mail