CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈
အာဆင်နယ်အသင်းနည်းပြ အာတီတာ က နောဝစ်ချ်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ဒီထက်ပိုကောင်းတဲ့ အာဆင်နယ်အသင်းကို ထပ်တွေ့ရဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် နောဝစ်ချ်အသင်း အိမ်ကွင်းမှာ ကစားခဲ့ရာမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကို ဆာကာက (၂) ဂိုး၊ တီယာနေး၊ လာကာဇတ်တီနဲ့ စမစ်ရိုးလ်တို့ က သွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို အရေးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် (၄) ပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီ (၅) ပွဲမှာ ရဂိုး (၁၉) ဂိုးအထိရခဲ့ပြီး ပေးဂိုး (၂) ဂိုးသာ ပေးခဲ့ရသည်အထိ ရလဒ်ကောင်း တွေ ရရှိနေတာလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီအစက ရလဒ်တွေဆိုးရွားနေပေမယ့် အခု နောက်ပိုင်းပွဲတွေမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာအထိ တက်လှမ်းနိုင်ခဲ့ တာပါ။ အာတီတာက “ကျနော်တို့ဟာ ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားကစားမယ်ဆိုပြီး ကွင်းတိုင်းကို သွားနေ တာပါ။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ ဥပမာပါပဲ။ ဒါက ကျနော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲပါ။ အဲဒီအတွက် လည်း ကျနော်အလွန်ပျော်ရွှင်ရပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် အဝေးကွင်းမှာ အနိုင်ယူရတာ မလွယ်ကူ ပါဘူး”လို့ ပြောခဲ့တာပါ။
အာတီတာ က “ကျနော်တို့ ဟာ ပွဲစကတည်းက လွှမ်းမိုးခဲ့တဲ့ပုံစံကို ပြသခဲ့တာဖြစ်ပြီး ကျနော်တို့ ပြသခဲ့တဲ့ အရည် အသွေးတွေအတွက်လည်း အလွန်ပျော်ရွှင်ပါတယ်။ အသင်းရဲ့ ဦးတည်ချက်၊ ကျနော်တို့ရဲ့ ကြီးထွားလာပုံ၊ နားလည်မှု၊ စည်းလုံးမှုနဲ့ နေရာတိုင်းမှာရှိတဲ့အသင်းကို အားပေးတဲ့သူတွေရဲ့ ပံ့ပိုးကူညီမှုတွေဟာ ကျနော်တို့ ကစားချင်တဲ့ပုံစံနဲ့ အများကြီးဆက်စပ်မှုရှိပါတယ်။ အသင်းနဲ့ပရိသတ်တွေရဲ့ စည်းလုံးညီညွှတ်မှုဟာ အလွန် ကျေနပ်ဖို့ ကောင်းပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဥရောပဝင်ခွင့်မရခဲ့တာကြောင့် ဒီ ရာသီမှာ ဥရောပဝင်ခွင့်နေရာရဖို့ အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အဓိက တိုက်စစ်မှူးဖြစ်တဲ့ အူဘာမီယန်းကို စည်းကမ်းပိုင်း မလိုက်နာမှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့သလို ပွဲကစားရ မယ့် လူစာရင်းမှာတောင် ရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့တာပါ။ ၎င်းတို့ ကြားရက်မှာကစားမယ့် ဝုလ်ဗ်စ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပြိုင်ဘက်အသင်းက ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒီ ပွဲကို ရွှေဆိုင်းဖို့ ပရီးမီးယားလိဂ်က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
Source: Daily Mail