၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် က ပရီးမီးယားလိဂ်ပွဲစဉ်ဇယားဟာ မျှတမှုမရှိဘူးလို့ ပြောလိုက်ပါတယ်။ အဲဒါကြောင့်လည်း သူ့ရဲ့ကစားသမားတွေဟာ ဒဏ်ရာတွေရပြီး ရုန်းကန်နေရတာလို့ ပြောခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ပွဲစဉ်မှာ ကိုဗစ်ကူးစက်မှုခံရပြီးနောက် ပြန်လည်သက်သာလာတဲ့ လူကာကူ က (၁) ဂိုး သွင်းယူခဲ့ပြီး ဂျော်ဂျင်ဟို က ပင်နယ်တီကနေ (၂) ဂိုးသွင်းယူခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ကိုဗစ်ကူးစက်မှုတွေများနေတာကြောင့် ဒီဇင်ဘာ (၁၉) ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ အဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပေမယ့် ဝုလ်ဗ်စ် အသင်းနဲ့ ဂိုးမရှိ သရေ ကျအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း ထိပ်တန်းပွဲစဉ် (၁၅) ပွဲကို ရွှေ့ဆိုင်းခဲ့ရပေမယ့် ချယ်လ်ဆီး အသင်းကတော့ ပြိုင်ပွဲစုံ (၈) ပွဲကစားခဲ့ရပြီး ကြားရက်မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လူကာကူနဲ့ အိုဒွိုင်းတို့ဟာ ကိုဗစ်ကူးစက်မှုတွေကြောင့် ပွဲတွေအများအပြားနဲ့ လွဲချော် ခဲ့ရပြီး အက်စတွန်ဗီလာနဲ့ပွဲမှ ပြန်လည်ပါဝင်နိုင်ခဲ့တာပါ။ ဟာဗတ်စ်နဲ့တီမိုဝါနာတို့ကတော့ အနားယူနေရပြီး အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲမှာ သီယာဂိုဆေးလ်ဗားနဲ့ကန်တီ တို့ဟာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
တူချယ်လ် က “ဒါက မျှတမှုမရှိပါဘူး။ ကျနော်တို့ဟာ အိပ်ယာထဲမှာ (၁၀)ရက်လောက်နေပြီး ပွဲတွေရွှေ့ဆိုင်း ထားတဲ့အသင်းတွေနဲ့ ဒီပွဲအတွက် တပတ်လောက်ကြိုတင်ပြင်ဆင်ထားရတဲ့အသင်းတွေနဲ့ ကစားခဲ့ရပါတယ်။ ကျနော်တို့ဆီမှာ ကိုဗစ်ကူးစက်နေတာတောင် သူတို့က အချိန်တိုင်းကို ကစားခိုင်းနေပါတယ်။ ကျနော်တို့ဆီမှာ ဒဏ်ရာအသစ်တွေရခဲ့ရင်တောင် ဒါတွေဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ လူတွေကတော့ အစိမ်းရောင်စားပွဲနဲ့ ရုံးတွေမှာ ဒါကို ဆုံးဖြတ်ကြပါတယ်။ ကျနော်တို့ဟာ ရုန်းကန်နေရပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်မှု အတွက်တော့ ကျနော်လေးစားမှုအမြင့်ဆုံးထားပါတယ်”လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဂျာမန်လူမျိုးနည်းပြက “ဒဏ်ရာကြောင့် ကျနော်တို့ အပြောင်းအလဲတွေလုပ်ရပါတယ်။ ကျနော့် ကစားသမားတွေအတွက် အလွန်စိုးရိမ်မိပါတယ်။ ကိုဗစ်ဖြစ်တဲ့ ကစား သမားတွေကို ကစားခွင့်ပေးတဲ့ အမှား အယွင်းတွေ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကတော့ ကျနော်တို့ကို ကစားခိုင်းခဲ့တဲ့ အတွက် ကစားခဲ့ပါတယ်။ ကျနော်တို့ဟာ ကစားသမားတွေကို အကာအကွယ်မပေးနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ဟာ လူစားလဲမှု (၅) ခုအထိ လုပ်လို့မရတဲ့ တခုတည်းသော လိဂ်ဖြစ်နေလို့ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းဟာ အက်စတွန်ဗီလာ အသင်းကို အနိုင်ရခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယား လိဂ်(၂) ပွဲဆက် နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီ ပွဲအနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ (၆)မှတ်အကွာ အဆင့်(၃)နေရာမှာ ဆက်လက် ရပ်တည် နေတာဖြစ်ပါတယ်။
Source: BBC