၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇
မန်ချက်စတာယူနိုက်တက် အသင်းယာယီနည်းပြ ရက်ဂ်နစ်က ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာချင်နေတဲ့ တိုက်စစ်ကစားသမား မာရှယ်ကို အပြောင်းအရွှေ့နဲ့ပတ် သက်ပြီး မေ့ပစ်လိုက်တော့လို့ ပြောလိုက်ပါတယ်။
မာရှယ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အသင်းမရှိတာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအတွက်ပဲ အာရုံစိုက်ဖို့ ရက်ဂ်နစ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲကစားချိန် နည်းပါး နေတာကြောင့် အသင်းက ထွက်ခွာချင်တယ်ဆိုပြီး သူ့ကို ပြောခဲ့တယ်လို့ ဂျာမန်လူမျိုးနည်းပြက အတည်ပြုခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲ ၃ ခုကို အာရုံစိုက် နေရတာကြောင့် ကစားသမား အင်အား လုံလောက်မှုရှိမှ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ မာရှယ်ကို ခေါ်ယူဖို့ စပိန်ကလပ် ဆီဗီလာအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ယာယီနည်းပြ ရက်ဂ်နစ်က သူ့ရဲ့ ကစားသမားကို ခေါ်ယူဖို့ ဘယ်သူကမှ ကမ်း လှမ်းခြင်း မရှိဘူးလို့ ပြောခဲ့တာပါ။
ရက်ဂ်နစ်က “ ကျနော်တို့ ဗုဒ္ဓဟူးနေ့က စကားပြောခဲ့ကြပါတယ်။ အကြာကြီး ပြောခဲ့ကြတာပါ။ သူက မန်ချက်စတာ ယူနိုက် တက် အသင်းမှာ ရှိတာ ၇ နှစ်ကြာပြီ ဖြစ်တဲ့အတွက် အခြားနေရာကိုသွားပြီး အပြောင်းအလဲ လုပ်ဖို့ အချိန်တန်နေပြီဆိုတာကို ခံစားနေရကြောင်း ရှင်းပြခဲ့ပါတယ်”လို့ ပြောပါတယ်။
ပုံ-မာရှယ်နဲ့ ရက်ဂ်နစ်ကိုတွေ့ရစဉ်။(The Sun)
ဒါ့အပြင် ရက်ဂ်နစ်က “ဒါကို ကျနော်နားလည်သလို သူ့ရဲ့ အတွေးအနောက်ကိုလည်း လိုက်လို့ရပေမယ့် တဖက်မှာလည်း အသင်းရဲ့ အခြေအနေကို ကြည့်ဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျနော်တို့ဟာ ကိုဗစ်ကာလထဲမှာ ရှိနေတယ်။ မြင့်မားတဲ့ ရည်မှန်းချက်တွေ ထားထားတဲ့ ပြိုင်ပွဲ ၃ ခုလည်း ရှိနေပါသေးတယ်။ ကျနော်သိထားရ သလောက်တော့ သူ့ကို ခေါ်ယူဖို့ အခြား ကလပ်အသင်းတွေက ကမ်းလှမ်းထားတာ မရှိသေးပါဘူး၊ ဒီလို အခြေအနေတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင် သူလည်း ဒီမှာပဲ ဆက်ရှိနေမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ရဲ့အေးဂျင့်ဖြစ်သူ လမ်ဘိုလေးက နည်းပြနဲ့ ဆွေးနွေးမှုတွေ မပြုလုပ်ရသေးခင် သူ့ရဲ့ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာချင်နေပြီလို့လူသိရှင်ကြား ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းကို ပေါင် ၃၅ သန်းနဲ့ မိုနာကိုကနေ ရောက်ရှိလာခဲ့တဲ့ မာရှယ်ဟာ အသင်းကို ရော်နယ်ဒို ပြန်ရောက်လာ ပြီး နောက်ပိုင်း ပွဲကစားချိန် အကန့်အသတ်သာ ရရှိခဲ့တာပါ။
ပြင်သစ် ကစားသမားဟာ ဒီရာသီမှာ မန်ချက်စတာအသင်းအတွက် ၃ ပွဲသာ ပွဲစကတည်းက ပါဝင်ခဲ့ရပြီး ၁ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။
မာရှယ်ဟာ ဒဏ်ရာကြောင့် ရက်ဂ်နစ် လက်ထက်မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် တစ်ပွဲမှ ပါဝင် မကစားရ သေးပေမယ့် အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ မာရှယ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပြင်သစ် လက်ရွေးစင်အသင်းမှာ ပါဝင်ချင်တဲ့အတွက် ပုံမှန်ကစားခွင့်ရမယ့် အသင်းကို ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။
Source: The Sun