CNI Sport News

၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၂၄

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဗီလာရီးရယ်လ်နဲ့ကစားခဲ့တဲ့ ချန်ပီယံ လိဂ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ထပ်စံချိန်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာရီးရယ်လ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ဂိုးတွေကို ရော်နယ်ဒိုနဲ့ ဆန်ချိုတို့က သွင်းယူခဲ့တာပါ။ မန်ချက် စတာယူနိုက်တက်အသင်းဟာ ဒီ နိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် ကစားဖို့ ၁ ပွဲကျန်ရှိသေးပေမယ့် ၁၆ သင်းအဆင့်ကို တက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗီလာရီးရယ်လ်နဲ့ပွဲဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ပထမဆုံးကစားတဲ့ပွဲဖြစ်ပြီး ယာယီနည်းပြ ကာရစ် က အသင်းကို အကောင်းဆုံးကိုင်တွယ်ပြီး နိုင်ပွဲရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အင်္ဂလန်ကလပ် အသင်း တစ်သင်းအတွက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်  ၅ ပွဲလုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန် မှတ်တမ်းရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၅ ပွဲ ကစားအပြီးမှာ ၆ ဂိုးသွင်းယူထားတာပါ။

ရော်နယ်ဒိုဟာ ယန်းဘွိုင်းစ်နဲ့ အဖွင့်ပွဲစဉ်မှာ ၁ ဂိုး၊ ဗီလာရီးရယ်လ်နဲ့ ၂ ပွဲမှာ ၂ ဂိုး၊ အတ္တလန်တာနဲ့ ၂ ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ဒီ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံး ၁၅ မိနစ် အတွင်း အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာ ၃ ပွဲရှိပြီလည်းဖြစ်ပါတယ်။ဒါဟာ ချန်ပီယံလိဂ် တစ်ရာသီ အတွင်း နိုင်ပွဲရယူပေးနိုင်မှုအများဆုံးလည်းဖြစ်ခဲ့တာပါ။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီ ရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၄ ပွဲကစားအပြီးမှာ ၁၀ ဂိုး သွင်းယူ ထားနိုင်တာဖြစ်ပါတယ်။ရော်နယ်ဒိုအတွက်တော့ ဗီလာရီးရယ်လ်နဲ့ပွဲမှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူခဲ့တာကြောင့် သူ့ရဲ့ ကစားသမားဘဝ နိုင်ငံနဲ့ကလပ်အသင်းတွေအတွက် သွင်းဂိုး စုစုပေါင်း ၇၉၉ ဂိုး ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဖော် ဘရူနိုဖာနန်ဒတ်စ်ကလည်း ဒီ ပွဲမှာ ဆန်ချိုသွင်းယူခဲ့တဲ့ ဂိုးကို ဖန်တီးပေးနိုင် ခဲ့တာကြောင့် အင်္ဂလန်ကလပ်အသင်းတစ်သင်းအတွက် ချန်ပီယံလိဂ် အဖွင့်ပွဲ ၅ ပွဲလုံး ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

Sourc:squawka.com