CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၄
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပိုချက်တီနိုက ပီအက်စ်ဂျီ အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ချင်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာလည်း သူ့ကို စိတ် အနှောက်အယှက် မဖြစ်စေဘူးလို့လည်း ပိုချက်တီနိုက ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကာရစ်က အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေပြီး ဗီလာရီးရယ်လ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ နိုင်ပွဲရအောင် စွမ်းဆောင် ပေးထားပါတယ်။
စပါးအသင်းကို ၂၀၁၄ ကနေ ၂၀၁၉ အထိ ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုကို မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ပိုချက်တီနိုက “ကောလာဟလတွေ တော့ရှိတာပေါ့။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက ကျနော့်ကို စိတ်အနှောက်အယှက် မဖြစ်စေ ပါဘူး။ ကျနော် ပီအက်စ်ဂျီမှာ အလွန်ပျော်ရွှင်နေပါတယ်။ ကျနော် အသင်းကိုလည်း ချစ်ပြီး ပရိသတ်တွေကိုလည်း ချစ်ပါ တယ်။ အခုအချိန်ဟာ အသင်းမှာရှိနေဖို့ အကောင်းဆုံးအချိန်ပါပဲ”လို့ ပြောပါတယ်။
ပုံ-လက်ရှိ မန်ယူအသင်းရဲ့ ယာယီနည်းပြ ကာရစ်ကိုတွေ့ရစဉ်။ (ESPN)
“ကျနော်နဲ့ ပီအက်စ်ဂျီ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၃ အထိ ရှိနေတာဖြစ်ပြီး အခုရာသီနဲ့ နောက်ရာသီ ကျန်ရှိနေပါသေး တယ်။ ကျနော် ပီအက်စ်ဂျီမှာ တကယ်ကို ပျော်ရွှင်နေတာပါ။ ဒါက အမှန်တရားပါပဲ”လို့ သူက ဆက်ပြောခဲ့ပါတယ်။
ပိုချက်တီနိုဟာ အခုနှစ် ဇန်နဝါရီလကမှ ပီအက်စ်ဂျီ အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး မနှစ်က ရာသီမှာတော့ ပြင်သစ် ဖလားနဲ့ ထရိုပီဒတ်စ် ချန်ပီယံဆုတို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲမှာ ပီအက်စ်ဂျီ အသင်း ဟာ ဒုတိယနေရာက နိုက်စ်အသင်းကို ၁၁ မှတ် အသာရပြီး အမှတ်ပေးဖလားမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘာစီလိုနာ အသင်းနည်းပြဟောင်း ဗယ်လ်ဗာဒီကို ယာယီနည်းပြအဖြစ် ကိုင်တွယ် စေဖို့ ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒါ့အပြင် မန်ချက်စတာယူနိုက်ဟာ အေဂျတ်စ် အသင်းနည်းပြ အဲရစ်တန်ဟတ်ကိုလည်း နည်းပြရာထူး အတွက် စိတ်ဝင်စား နေတာပါ။
အဲရစ်တန်ဟတ်က “ဘယ်လို စိတ်ဝင်စားမှုကိုမှ မကြားမိပါဘူး။ ကျနော်တို့ ဒီရာသီမှာ အေဂျတ်စ် အသင်းနဲ့ ဆုဖလားတွေ ရယူချင်ပြီး ပီအက်စ်ဗွီ၊ ဖီယင်နုတို့နဲ့ ခက်ခဲတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ဒီလိုသတင်းတွေက ကျနော့်ကို စိတ်အနှောက် အယှက်မဖြစ်စေ ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: BBC Sport