CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၄

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းလယ်ကစားသမား အဲရစ်ဆင်ရဲ့ နှလုံးခုန်ရပ်ပြီး လဲကျသွားတဲ့အပေါ် ဒိန်းမတ်အသင်းသား တွေရဲ့ တုံံ့ပြန်ခဲ့တဲ့ အပြုအမူတွေကြောင့် ဖီဖာ Fair Play ဆုအတွက် ဆန်ကာတင်စာရင်းမှာ ဒိန်းမတ်အသင်း ပါဝင်နေတယ် လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖင်လန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း မပြီးဆုံးခင်မှာ အဲရစ်ဆင်ဟာ ရုတ်တရက် နှလုံးခုန်ရပ်သွားပြီး ကွင်းထဲ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် ကစားသမားတွေဟာ ဒီအဖြစ်အပျက်ကြောင့် အဲရစ်ဆင်ကို ဆေးအဖွဲ့ လာရောက်ကုသချိန်မှာ ဘယ်သူမှ မြင်တွေ့ခြင်း မရှိအောင် ပတ်ပတ်လည် ကာထားခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ် အသင်းခေါင်းဆောင် ကေဂျာဟာ ကွင်းထဲကို ဆေးအဖွဲ့တွေ မရောက်လာခင် အချိန်မှာ အဲရစ်ဆင် လျှာမကိုက်မိ အောင်၊ အသက်ရှူလမ်းကြောင်း ကောင်းမွန်အောင်နဲ့ ခန္ဓာကိုယ် အနေအထား ပုံမှန်ဖြစ်အောင်  ပြုလုပ်ပေးခဲ့တဲ့ အပြင် အသက်ကယ် လုပ်ငန်းစဉ်တွေကိုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုံ-အဲရစ်ဆင်ကို ဆေးရုံပို့စဉ်။ ( Sky Sports )

တခြား အသင်းဖော်တွေကတော့ အဲရစ်ဆင်ကို ကုသပေးချိန်မှာ ဘေးပတ်ပတ်လည် ဝန်းရံပြီး အကာအကွယ် ဒိုင်းကြီးသဖွယ် ပြုလုပ်ခဲ့ကြတာပါ။ ဒီလို သူရဲကောင်းဆန်တဲ့ တုံံ့ပြန်မှုတွေကြောင့် ဒိန်းမတ် တစ်သင်းလုံးဟာ ဖီဖာ Fair Play ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အဲရစ်ဆင်ကို ဆေးရုံ ပို့ဆောင်ခဲ့ပြီး ရပ်နားထားတဲ့ ဒိန်းမတ်နဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်ကို ပြန်ကစားခဲ့ပြီး ဖင်လန်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒိန်းမတ်အသင်းဟာ အဲရစ်ဆင်အတွက်ဆိုပြီး စိတ်ဓာတ်နဲ့ ကစားခဲ့တာကြောင့် အကြိုဗိုလ်လုပွဲအထိ တက်ခဲ့ပြီး အင်္ဂလန်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ အခုအချိန်မှာ ပြန်လည် သက်သာလာပြီ ဖြစ်ပေမယ့် ICD နှလုံးခုန်စက်ကို ထည့်သွင်းထားခဲ့ရတာ ဖြစ်ပါ တယ်။ ဒါပေမယ့် အီတလီနိုင်ငံမှာ ဒီလို ICD စက် တပ်ဆင်ထားတဲ့ ကစားသမားကို ကစားခွင့် မပြုတာကြောင့် အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းကနေ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။

အေဂျတ်စ် အသင်းကစားသမား ဒါလေဘလိုင်းကလည်း နှလုံးကြွက်သား ရောင်ရမ်းနေတာကြောင့် ICD စက် တပ်ဆင်ပြီး ကစားနေတာ ဖြစ်ပါတယ် ။ဒါပေမယ့် နယ်သာလန်နိုင်ငံမှာတော့ ဒါကို ကစားခွင့် ပြုထားတာကြောင့် ဒါလေဘလိုင်းဟာ လက်ရွေးစင်အတွက်ရော ကလပ်အသင်းအတွက်ပါ ပါဝင်ကစားပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

Source: Daily Mail