CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
ပီအက်စ်ဂျီ အသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ က လာမယ့်နွေရာသီ အပြောင်းရွှေ့မှာ နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်းထံ ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၉)နှစ် အရွယ်ရှိ ကစားသမားဟာ မေလကမှ ပီအက်စ်ဂျီအသင်းနဲ့ ကာလကြာရှည် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ စာချုပ်အရ ဘရာဇီးလ်ကစားသမားဟာ ပြင်သစ်ကလပ်မှာ ၂၀၂၅ ခုနှစ် နွေရာသီအထိ ရှိနေမှာလည်း ဖြစ်ပါတယ်။
အယ်လ်နေစီယွန်နယ်ကတော့ နေမာကို ပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ ကြားခံလူတွေကနေတဆင့် ကမ်းလှမ်းမှုတွေပြုလုပ်ထားတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကိုလည်း အကြောင်းကြားထားတယ်လို့ ဖော်ပြထားတာပါ။လီဂူးဝမ်းကလပ်ဟာ လာမယ့်နွေရာသီမှ အသင်းကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး နေမာကို ယူရိုသန်း ၈၀ နဲ့ကမ်းလှမ်းရင် လက်ခံဖွယ်ရှိတယ်လို့ အဆိုပါ သတင်းမှာ ဆက်လက်ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလတ် ကိုသာခေါ်ယူဖို့ ဦးစားပေး အဖြစ် ပစ်မှတ်ထားနေတာဖြစ်ပြီး နေမာကို နူးကမ့်ပ်ကွင်းထံ ပြန် လည်ခေါ်ယူနိုင်ဖို့ မစဉ်းစားထားဘူးလို့လည်း သိရပါတယ်။ နေမာဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အထိ ကတ်တလန်ကလပ်မှာ ကစားခဲ့တာဖြစ်ပြီး ၁၈၆ ပွဲမှာ ၁၀၅ ဂိုးသွင်းယူကာ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။နေမာဟာ ၂၀၁၇ ခုနှစ်မှာတော့ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။
နေမာအနေနဲ့ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နေမာဟာ မကြာသေးခင်က ဘရာဇီးလ် လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုမှာ အဓိက ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
Source-sportsmole.co