၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆

အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ်က ဆန်မာရီနိုကို အနိုင်ရတဲ့ပွဲမှာ ဝိန်းရွန်နီက သူ့ကို ဖုန်းဆက်လာမှာစိုးလို့ ဟာရီကိန်းကို လူစားလဲခဲ့ရတာဖြစ်တယ်လို့ ပွဲအပြီးမှာ နောက်ပြောင် ပြောသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဆန်မာရီနိုနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ၁၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိ သွားခဲ့တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဒီပွဲမှာ ၁၅ မိနစ်တည်းနဲ့ ၄ ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ ဒီပွဲမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂယ်ရီလိုင်နီကာရဲ့ သွင်းဂိုး ၄၈ ဂိုးနဲ့ တူညီသွားခဲ့ပြီး အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ ၀ိန်းရွန်နီရဲ့ သွင်းဂိုးကို လိုက်မှီဖို့ ၅ ဂိုးသာ လိုတော့တာလည်း ဖြစ်ပါတယ်။

ဟာရီကိန်းဟာ ဝိန်းရွန်နီရဲ့ သွင်းဂိုးကို ကျော်ဖြတ်ချင်လို့ ဆန်မာရီနိုလို အသင်းငယ်နဲ့ ကစားတဲ့ပွဲမှာ သူ့ကို ပါဝင်ကစားစေဖို့ နည်းပြ ဆောက်ဂိတ်ကို တောင်းဆိုခဲ့တာပါ။ ဟာရီကိန်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၆၃ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ပုံ-ဟာရီကိန်းနဲ့ ဆောက်ဂိတ်ကိုတွေ့ရစဉ်။ (GiveMeSport)

ဆောက်ဂိတ်က “တကယ်လို့ ဟာရီကိန်းကို ကွင်းထဲမှာ နောက်ထပ် နာရီဝက်လောက် ထပ်ပြီးထားခဲ့မယ်ဆိုရင် ဝိန်းရွန်နီရဲ့ မိသားစုက ကျနော့်ကို ဖုန်းဆက်ပါလိမ့်မယ်”ITV နဲ့ အင်တာဗျူးမှာ နောက်ပြောင်ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆောက်ဂိတ်က “ဟာရီကိန်းဟာ အံမခန်းဖွယ်ရာ ဂိုးသွင်းနိုင်တဲ့ သူဖြစ်ပြီး၊ ဂိုးတွေ အများကြီးရနိုင်တဲ့ ပွဲတွေမှာ သူဟာ အခွင့်အရေးတွေ မရခဲ့ပါဘူး။ ဒီပွဲမှာတော့ သူ့ကို အခွင့်အရေးပေးခဲ့ပြီး သူကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ အခုနှစ်ထဲမှာ သွင်းဂိုးပေါင်း ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဟာရီကိန်းက ၁၆ ဂိုးအထိ သွင်းယူခဲ့ကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။

ဒါ့အပြင် ဟာရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်း ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲလုံး ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ပေါင်း ၆၄ နှစ်အကြာက မှတ်တမ်းတစ်ခုကိုလည်း လိုက်မှီနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Eurosport.com