၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆

အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်အောင်မြင်ခြင်းမရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ယုံကြည်နေဆဲဖြစ်တယ်လို့ နည်းပြ မန်ချီနီ က ပြောဆိုလိုက်ပါတယ်။

အီတလီအသင်းအနေနဲ့ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြောက်အိုင်ယာလန်အသင်းနဲ့ ကစားခဲ့ရာ ဂိုးမရှိသရေ ကျခဲ့တာ ကြောင့် အုပ်စုတွင်း ဒုတိယသာရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက် အောင်မြင်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အီတလီအသင်းဟာ ကာတာကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ပလေးအောဖ့် ဆက်လက်ကစားရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်နှစ်ပွဲလုံးမှာ သရေရလဒ်သာ ရရှိခဲ့လို့ ခြေစစ်ပွဲတိုက်ရိုက်အောင်မယ့် အခွင့်အရေးကို ဆွစ်ဇာလန်ကို ပေးခဲ့ရတာပါ။

မန်ချီနီက “ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ မတ်လမှာ ပွဲကစားရမှာဖြစ်ပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဘောလုံးပိုင်ဆိုင်မှုရော အခွင့်အရေးတွေရော ရခဲ့ပေမယ့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ မြောက်အိုင်ယာလန်ဟာ ကစားသမားတိုင်းနဲ့ ခံစစ်ကို ပိတ်ဆို့ထားခဲ့ပြီး သူ့တို့ကို ထိုးဖောက်နိုင်ဖို့အတွက်လည်း ခက်ခဲခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

“အခုအချိန်မှာ ကျနော်တို့ဟာ သွင်ပြင်လက္ခဏာကို ပြန်လည်ရှာဖွေဖို့ လိုအပ်ပါတယ်။ အဆုံးအဖြတ်ပွဲတွေမှာ ပင်နယ်တီနှစ်ကြိမ်လွဲချော်ခဲ့တာကြောင့် အနိုင်ရဖို့ အခွင့်အရေးရှိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။ အခု မတ်လမှာ ကစားမယ့်ပွဲအတွက် ပြင်ဆင်ပြီး ပလေးအောဖ့်ပွဲကို ယုံကြည်မှုအပြည့်နဲ့ သွားမှာပါ။ မတ်လမှာ ကမ္ဘာ့ ဖလားအတွက် ကျနော်တို့စာရင်းသွင်းမှာဖြစ်ပြီး ဒီပြိုင်ပွဲကို အနိုင်ရဖို့လည်း မျှော်လင့်နေပါတယ်”လို့ RAI Sport နဲ့ အင်တာဗျုးရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

အီတလီအသင်းဟာ ၂၀၁၈ ခုနှစ်ကလည်း ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲမအောင်ခဲ့လို့ ပလေးအောဖ့် ကစားခဲ့ရပြီး အရေးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ဆုံံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အီတလီအသင်းအနေနဲ့ ဒီ တစ်ကြိမ်မှာတော့ ၂၀၁၈ တုန်းကလို အဖြစ်မျိုးထပ်မကြုံရအောင် ပလေးအောဖ့်အဆင့်မှာ အနိုင်ရအောင် ကစားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ် အီတလီအသင်းနဲ့အတူ နာမည်ကြီး ပေါ်တူဂီအသင်းကလည်း ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ ပလေးအောဖ့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source-goal.com