CNI Sport News

၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ ၁၆

ဆွစ်ဇာလန် နာမည်ကြီးတင်းနစ် ကစားသမား ရော်ဂျာဖက်ဒဲရားဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် ကြိုးပမ်း နေရတဲ့အတွက် လာမယ့်နှစ်မှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မသေချာဘူးလို့ ဘီဘီစီ သတင်းက ဖော်ပြပါတယ်။

ဒါပေမယ့် နည်းပြ အိုင်ဗန်ကတော့ ဂရမ်းဆလမ်းချန်ပီယံဆုကို အကြိမ် ၂၀ ရရှိထားတဲ့ ကစားသမားကတော့ ပြိုင်ပွဲတွေ ပြန်လည် ယှဉ်ပြိုင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိ ဖက်ဒဲရားဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဝင်ဘယ်လ်ဒန်အိုးပန်း ကွာတားမှာ အရေးနိမ့်ပြီးကတည်းက ပြိုင်ပွဲတွေ မကစားရသေးတာပါ။

ဖက်ဒဲရားဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာလည်း ဖြစ်ပါတယ်။

အိုင်ဗန်က “သြစတြေးလျအိုးပန်းဟာ သူ့အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ တကယ်ကို ဖြစ်နိုင်ဖွယ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အခွင့်အရေးတွေလည်း အလွန်နည်းနေပါတယ်။ သူဟာ အခုမှ ပြန်ကောင်းလာဆဲပဲရှိနေပြီး ဒါကိုသူလည်း သိပါတယ်။ သူက တော့ ပြိုင်ပွဲကို အနိုင်ရအောင် ကစားချင်နေပါတယ်။ သူဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်လို့ တဆင့်ပြီး တဆင့်သွားရပါမယ်၊ စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။သူဟာ အရင်လို လျင်လျင်မြန်မြန်နဲ့ ပြန်မထနိုင်တော့ပါဘူး”လို့ ပြောပါတယ်။

ပုံ-နည်းပြအိုင်ဗန်ကိုတွေ့ရစဉ်။ (Daily Mail)

ဒါ့အပြင် ဖက်ဒဲရားဟာ အနားယူဖို့ မစဉ်းစားသေးဘူးဆိုတာ သေချာတယ်လို့လည်း နည်းပြဖြစ်သူက ထပ်မံ ပြောခဲ့ပါတယ်။

အိုင်ဗန်က “ကျနော်တို့ စကားတွေ ပြောပြီးသွားပါပြီ။ သူ တင်းနစ် ပြန်ကစားချင်တယ်ဆိုတာကို အာမခံနိုင်ပါတယ်။ ဒါကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ရင်တော့ သူအနားယူပါလိမ့်မယ်။ ဒါပေမယ့် ဒါက ရုတ်တရက် ဖြစ်လာမယ်တော့ မထင်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပတ်တစ် တင်းနစ်ကစားသမားဟောင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒူးဒဏ်ရာကို ၂ ကြိမ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး အခုနှစ်ထဲ မှာ တတိယအကြိမ်မြောက် ထပ်မံ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဖက်ဒဲရားဟာ တင်းနစ်လောကမှာ နာမည်ကြီး တစ်ဦးဖြစ်ပြီး ဆုဖလား အများအပြားကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အသက်အရွယ်ရလာပြီး ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ကြုံတွေ့နေရတာကြောင့် ဖက်ဒဲရားဟာ တင်းနစ် ပွဲစဉ် တွေ ကစားနိုင်ဖို့ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

Source:BBC.com