CNI Sport

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယားက အင်္ဂလန်အသင်းအတွက် ဂိုးသွင်းပြီး သူ့ရဲ့အောင်ပွဲခံတဲ့ ပုံစံဟာ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး အောင်ပွဲခံခဲ့တာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မက်ဂွဲယားရဲ့ အောင်ပွဲခံပုံကို မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြင်းပြင်း ထန်ထန် ဝေဖန်ထားတာ ဖြစ်ပါတယ်။ မက်ဂွဲယားဟာ အင်္ဂလန်အသင်းက အယ်လ်ဘေးနီးယား အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့  ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ငံအသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးသွင်းယူအပြီးမှာ မက်ဂွဲယားဟာ သူ့ရဲ့ လက်နှစ်ဖက်ကို နားရွက်ပေါ်မှာတင်ကာ အောင်ပွဲခံခဲ့ တာဖြစ်ပါတယ်။ မက်ဂွဲယား ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ စွမ်းဆောင်ရည် ညံဖျင်းနေမှုအပေါ်မှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရ တာလည်း ဖြစ်ပါတယ်။

ရွိုင်ကိန်းက မက်ဂွဲယားရဲ့ အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး “သူရဲ့ လက်တွေကို နားပေါ်မှာတင်လိုက်တာက သူ့အပေါ် ဝေဖန်နေတဲ့ ပါးစပ်ပေါက်တွေ ပိတ်လိုက်ဆိုတဲ့ ပုံစံမျိုးပါ။ ဒါဟာ အလွန်ရှက်ဖို့ ကောင်းပါတယ်။ သူဟာ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်း ယူနိုက်တက်မှာ ဆိုးဆိုးရွားရွားကို လုပ်ခဲ့တာပါ”လို့ ပြောပါတယ်။

ပုံ- ပုံ-မက်ဂွဲယား ဂိုးသွင်းအောင်ပွဲခံခြင်း ရွိုင်ကိန်းသဘောမတွေ့။ (The Sun)

ဆက်ပြီးတော့ ရွိုင်ကိန်းက “သူကတော့ တွေးနေမှာပေါ့ သူဂိုးသွင်းလိုက်ပြီဆိုရင် ဝေဖန်နေတဲ့ ပါးစပ်ပေါက်တွေ ပိတ်သွား မယ်ဆိုပြီးတော့ပေါ့။ ရှက်ဖို့ ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ကတော့ သူ့ရဲ့ အောင်ပွဲခံပုံဟာ ဝေဖန်သူတွေကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားက “ဒါဟာ ဘယ်သူ့ကိုမှ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဒူးကိုလျှောထိုးလိုက်တယ် လက်တွေကို နားရွက်ပေါ်မှာ တင်လိုက်တာတော့ ဟုတ်ပါတယ်။ ခင်ဗျားတို့ ထင်နေသလိုမျိုးတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

“ကျနော်က မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ပါ။ အသင်းရလဒ်မကောင်းရင် ဝေဖန်ခံရမယ်ဆိုတာ အသေ အချာပါပဲ။ ဒါကို မျှော်လင့်ထားပြီးသားပါ။ ဘယ်သူ့ကိုမှတော့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံအတွက် ဂိုးသွင်းရတဲ့ ခံစားမှု က အလွန်ကောင်းပါတယ်။ အရေးကြီးတဲ့ ပွဲစဉ်ရဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ဒီပွဲက ဘယ်လောက် အရေးကြီးလဲဆိုတာ ကျနော်တို့ သိတယ်”လို့ ပြောခဲ့ပါတယ်။

Source:Metro.co.uk