၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃

ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား အဂူရိုဟာ ကစားသမားဘဝက အနားယူနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပေမယ့် သူဟာ အမြဲတမ်း အပေါင်းလက္ခဏာ ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့လက အလာဗတ်စ် အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသက်ရှူ ကြပ်ပြီး ရင်ဘတ်အောင့်လာခဲ့လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလ ၁၂ ရက် ညနေပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေမှာဆိုရင် အဂူရိုဟာ ဆေးစစ်မှုတွေအရ ကစားသမားဘဝက အနားယူဖို့တောင် စဉ်းစားနေတယ်လို့ ဖော်ပြထား ခဲ့တာပါ။

ဒါပေမယ့် အဂူရိုကတော့ ဒီလိုထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေအပေါ် ပြန်ဖြေရှင်း သွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်း ကစားသမားဟာ ကျန်းမာရေး အခြေအနေနဲ့ ကုသမှုခံယူရမှာ ဖြစ်တဲ့အတွက် အနည်းဆုံး ၃ လကြာ အနားယူရမယ် လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပုံ- အဂူရိုကိုတွေ့စဉ်။ (AP)

အဂူရိုက “ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေကြောင့် ကျနော်ပြောချင်တာက ကလပ်မှာရှိတဲ့ ဆရာဝန်တွေရဲ့ ပြောဆို ညွှန်ပြမှုတွေကို လိုက်နာနေပါတယ်။ ကျနော်ဟာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရက် ၉၀ အတွင်းမှာ ကျနော်ရဲ့ တိုးတက်မှုတွေကို မြင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အဂူရိုဟာ မန်စီးတီးအသင်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လက ဘာစီလိုနာအသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဂူရိုအနေနဲ့ ဘာစီလိုနာ အသင်းနဲ့ စတင်လေ့ကျင့်တဲ့ အချိန်မှာတင် ရရှိခဲ့တဲ့ ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရပြီး ပြီးခဲ့တဲ့လကမှ စတင်ပွဲထွက်နိုင်ခဲ့တာပါ။

လက်ရှိအချိန်ထိ အဂူရိုဟာ ဘာစီလိုနာ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ အဂူရို ဟာဆိုရင် သူရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်မချခင် ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လအထိ စောင့်ဆိုင်းရဖွယ် ရှိနေတယ်လို့ ဘောလုံးကျွမ်းကျင်သူ ဂူလမ်က သုံးသပ်ထားပါတယ်။

ဘာစီလိုနာ အသင်းနဲ့ အဂူရို ၂ နှစ် စာချုပ်ချုပ် ဆိုထားတာဖြစ်ပြီး ဂူလမ်ကတော့ ဘာစီလိုနာဟာ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းဖို့ မစဉ်းစားထားဘူးလို့လည်း ဂူလမ်က ပြောထားတာ ဖြစ်ပါတယ်။

Source:BBC.com