CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃
အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ အိုဇေးလ်အနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ပြီး အသင်းကို ပံ့ပိုးကူညီဖို့ တွေးနေရမယ်လို့ ဖီနာဘာချီအသင်း ဥက္ကဋ္ဌ အလီကို့စ်က ပြောလိုက်ပါတယ်။
လက်ရှိမှာတော့ အိုဇေးလ်ဟာ ဖီနာဘာချီအသင်းမှာ ပုံမှန်ပါဝင်ကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အိုဇေးလ်သည် အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လ ကျန်ရှိနေတာကို ဖျက်သိမ်းခဲ့ပြီးနောက် အခုနှစ် ဇန်နဝါရီလက ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အိုဇေးလ်ဟာ ဒီရာသီမှာ အကန့်အသတ်နဲ့သာ ပွဲကစားခွင့်ရထားလို့ စိတ်ပျက်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ဂျာမနီလက်ရွေးစင် ကစားသမားဟောင်းဟာ ဖီနာဘာချီအသင်းမှာ ပါဝင်ခွင့်ရနေတဲ့ သူ့ရဲ့ အခန်း ကဏ္ဍနဲ့ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေတာကြောင့် တူရကီကလပ်ဥက္ကဋ္ဌက အာဆင်နယ် ကစားသမားဟောင်း အနေနဲ့ ဘောလုံးကိုသာ အာရုံစိုက်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ပုံ-အိုဇေးလ်ကို နည်းပြ ညွှန်ကြားနေစဉ်။ (NewsBeezer)
အလီကိုစ့်က “ရာသီစတင်ကတည်းက အိုဇေးလ်ကို ဗန်ပါစီ (ဖီနာဘာချီ အသင်းမှာရှိခဲ့တဲ့ အခြေအနေန)နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
“အိုဇေးလ်က ပိုပြီး ကစားချင်နေပါတယ်။ အခုအချိန်ကစပြီး အိုဇေးလ်အနေနဲ့ ကစားပွဲကို ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်။ ဖီနာဘာချီ အသင်းကို ပံ့ပိုးပေးနိုင်ဖို့ကိုလည်း စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ နည်းပြအနေနဲ့လည်း အိုဇေးလ်ကို အကောင်းဆုံးပုံစံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အဖြေရှာဖို့ လိုအပ်ပါတယ်။ မီဒီယာတွေက ပြောနေပေမယ့် ဒါက ပြဿနာမရှိပါဘူး။ အိုဇေးလ်ကတော့ ပုံမှန်ကစားခွင့်မရလို့ မပျော်ရွှင်ဘူး ဖြစ်နေပါတယ်”လို့ ဖီနာဘာချီ TV ကို ပြောခဲ့တာ ဖြစ်ပါတယ်။
အိုဇေးလ်ဟာ ဒီရာသီမှာ ဖီနာဘာချီ အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ အိုဇေးလ် ဟာ တူရကီကလပ်မှာ မပျော်ရွှင်လို့ အသင်းပြောင်းဖို့ အထိတောင် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Source:Metro.co.uk