CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃
အာဆင်နယ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဝီရှိုင်းယားက သူဘောလုံး ဆက်ကစားနိုင်မယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်နေပေမယ့် အနားယူဖို့ စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။
ဝီရှိုင်းယားဟာ ဘုန်းမောက်အသင်းကနေ ထွက်ခွာခဲ့တဲ့ မေလကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။ အဲ့ဒါကြောင့် ဝီရှိုင်းယားဟာ နည်းပြလုပ်ဖို့အတွက် လေ့လာမှုနဲ့အတူ ပထမအသင်း၊ ယူ-၂၃ အသင်းတွေနဲ့ အာဆင်နယ်ကို ပြန်လာပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
ဝီရှိုင်းယားက“ခင်ဗျားအနေနဲ့ အောင်မြင်တဲ့ နည်းပြ ဒါမှမဟုတ် မန်နေဂျာဖြစ်ဖို့အတွက် ယူလို့ရနိုင်တဲ့ အတွေ့အကြုံတွေ အားလုံးကို ယူထားရပါမယ်”လို့ ပြောပါတယ်။
အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းဟာ အခုနှစ် မေလ ၁၇ ရက်က ဘုန်းမောက်အသင်းက ဘရန်ဖိုဒ့် အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံရှစ်ပလေးအောဖ့် ပထမအကျော့ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ပြီးနောက်ပိုင်း ပြိုင်ပွဲတွေ ပါဝင်ကစားရခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။
ပုံ- ဝီရှိုင်းယားကိုတွေ့ရစဉ်။ (Evening Standard)
ဝီရှိုင်းယားဟာ လာမယ့်ဇန်နဝါရီမှာ ဘောလုံးပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့ ကစားသမားဘဝဟာ ပြဿနာတွေ ရှိနေလာနိုင်တာလည်း ဖြစ်ပါတယ်။
ကစားသမားဘဝက အနားယူနိုင်ဖွယ်ရှိတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဝီရှိုင်းယားက “ဒါကို ကျနော် စဉ်းစားနေပါတယ်။ အဲဒါကြောင့်လည်း နည်းပြအဖြစ်နဲ့ အလုပ်တွေ လုပ်နေတာပေါ့။ အခွင့်အရေးတွေ အတွက်တော့ ကျနော် အလွန် ကျေးဇူးတင် ပါတယ်။ ကျနော် ၁၀၀ ရာခိုင်နှုန်း ကစားနိုင်သေးတယ်လို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ဝီရှိုင်းယားဟာ အသက် ၂၉ နှစ်အရွယ်သာ ရှိသေးပြီး အာဆင်နယ်အသင်းမှာ ကစားခဲ့တုန်းက ထွန်းထောက် လာမယ့် ကြယ်ပွင့် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘဝ တလျှောက် ဒဏ်ရာ ပြဿနာဆိုးတွေရဲ့ နှိပ်စက်မှုကြောင့် ဝီရှိုင်းယားဟာ ၂၀၁၈ ခုနှစ်က အာဆင်နယ် အသင်းကနေ ထွက်ခွာပြီး ကတည်းက ဝက်စ်ဟမ်းနဲ့ ဘုန်းမောက် အသင်းတွေအတွက် ပွဲပေါင်း ၃၆ သာ ပါဝင်ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Source:BBC.com