CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာတွင် ကိုဗစ်အတည်ပြုလူနာ များပြားနေသည့်အတွက် သောက်‌ရေနှင့် စေတနာ့ ဝန်ထမ်းများ လိုအပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုနှုန်း တကျော့ပြန် မြင့်တက်လာသဖြင့် အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာအား ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ အတည်ပြုလူနာဦးရေ ၄၀၀ နီးပါးခန့် စင်တာသို့ ရောက်ရှိကုသမှုခံယူနေကြောင်း သိရသည်။

အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က“အဓိကလိုတာတော့ ရေ။ သောက်သုံးရေက ဒီလိုဗျ။ ကျနော်တို့ဘက်က အဲ့မှာ စရောက်ရောက်ချင်းတုန်းက 5 liter အိုးတွေ မူလလက်ကျန်ရှိတာလေး နည်းနည်းရှိတာပေါ့ နော်။ အရင်တတိယလှိုင်းတုန်းကဟာ ဂိုဒေါင်ထဲမှာ သိမ်းထားတာရှိတယ်။ ဒါလေးနဲ့သွားတယ်။ ဒါပေမယ့် လူနာက ဖွင့်ဖွင့် ချင်း ၁၅ ယောက်လောက်ပဲ လာမယ်လို့ မှန်းထားတာ။ မှန်းပေမယ့် ဖွင့်ဖွင့်ချင်းမှာ ရုတ်တရက်ကြီး လူနာ ၉၀ လာတော့ ကျနော်တို့မှာ သောက်သုံးရေ မလုံလောက်တော့ဘူး။ အကောင်းဆုံးကတော့ သောက်သုံးရေ 1 liter ပုလင်းလေးတွေ လာပြီး လှူပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ၌ ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီ၊ အထွေထွေ လုပ်အားပေး ၃၀ ဦးခန့်သာ ရှိသည့်အတွက် စေတနာ့ဝန်ထမ်း လုပ်အားပေးများ လိုအပ်နေကြောင်း သိရသည်။

အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာကိုတွေ့ရစဉ်

ထို့နောက် လုပ်အားပေးရာတွင် အလုပ်ကြမ်းနှင့် အလုပ်ချောဟူ၍ နှစ်မျိုးရှိကာ အလုပ်ကြမ်းသည် ကုတင်များ သယ်ပေးခြင်း၊ အသုံးအဆောင်ပစ္စည်းများအား အခန်းများသို့ တင်ပို့ပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း၊ ရေပိုက်နှင့် ရေမော်တာများ ပြင်ပေး ခြင်း စသဖြင့် လုပ်ကိုင်ရလေ့ရှိကြောင်း၊ ရေပိုက်နှင့်ရေမော်တာများ ပြင်ပေးနိုင်မည့် သူများ လိုအပ်လျက်ရှိကြောင်း သိရ သည်။

အလုပ်အချောမှာ လူနာသယ်ခြင်း၊ ဆရာဝန်များအား လိုအပ်တာကူပေးခြင်း၊ စားစရာများ ပေးပို့ခြင်း၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင် လူနာများအတွက် လိုအပ်ပါက PPE ဝတ်စုံဝတ်ကာ လူနာအခန်းတွင် နေပေးခြင်း စသဖြင့် လုပ်ကိုင်ပေး ရမည် အလုပ်များ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိုမီခရွန် ကူးစက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြု လူနာဦးရေသည် ယခုရက်ပိုင်း အတွင်း တစ်ရက်လျှင် ၁၀၀၀ နီးပါးခန့် တွေ့ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။