CNI News

၂၀၂၂  ခုနှစ်၊ ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် အိုမိုက်ခရွန် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှာ ၄၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၃ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အိုမိုက်ခရွန်ရောဂါပိုး တွေ့ရှိသူများမှာ မြန်မာနိုင်ငံသား ၄၀ ဦးနှင့် နိုင်ငံခြားသား ၂ ဦးတို့ဖြစ်ပြီး Relief Flight များ ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြသူများဖြစ်ကြသည်။

ထိုသူများမှာ အိန္ဒိယနိုင်ငံမှ ၃၂ ဦး၊ ယူအေအီးနိုင်ငံမှ ၄ ဦး၊ မလေးရှားနိုင်ငံမှ ၃ ဦး၊ ထိုင်းနိုင်ငံမှ ၃ ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံမှ Relief Flight ဖြင့် ပြန်လာသည့် မြန်မာနိုင်ငံသား ၂ ဦးတွင် အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိသလို ဇန်နဝါရီ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံကနေပဲ Relief Flight ဖြင့် ပြန်လာသည့် မြန်မာနိုင်ငံသား ၃ ဦး၌  အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိခဲ့သေးသည်။

အလားတူ ဇန်နဝါရီ ၇ ရက်နေ့ကလည်း Relief Flight ဖြင့် ပြင်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသား ၁ ဦးတို့တွင် အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိခဲ့သေးသည်။ထို ၁၂ ဦးမှာ ယူအေအီးနိုင်ငံမှ ပြန်လာသူ ၈ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၃ ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၁ ဦးတို့ ဖြစ်ကြသည်။

ထို့နောက်  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ယူအေအီးနိုင်ငံမှ Relief Flight ဖြင့် ပြန်လာသူ မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမိုက်ခရွန် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  မြန်မာနိုင်ငံမှာ အိုမိုက်ခရွန်ရောဂါပိုးရှိသူ ၄ ဦးတွေ့

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - မြန်မာနိုင်ငံတွင် အိုမိုက်ခရွန်အတည်ပြုလူနာ ၁၂ ဦးတွေ့