၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ဝက်များ ကူးစက်ရောဂါတစ်မျိုးဖြစ်ပွားကာ သေဆုံးနေမှုများ ဖြစ်ပေါ် နေသည်ကို ယခုအချိန်တွင် အတန်သင့် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မာန်အောင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းဝင်းက CNI သတင်းဌာန သို့ ပြောသည်။

အဆိုပါ ကူးစက်ရောဂါသည် လွန်ခဲ့သည့် ၁၅ ရက်ခန့်က စတင်ဖြစ်ပေါ် သေဆုံးနေခြင်းဖြစ်ပြီး ဝက်အချင်းချင်း တွင်သာ ဖြစ်ပေါ်ကူးစက်သည့်ရောဂါတစ်မျိုးဖြစ်သည်ဟု သိရသည်။

“သိတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဝိုင်းထိန်းတာပေါ့နော်။ အဲလိုပုံစံမျိုး။ တော်တော်များများတော့ ရောဂါတော့ ကျန်တဲ့ရွာတွေ ထိန်းချုပ်နေကြပါပြီ။ အဓိကကတော့ မသောက်စားကြဖို့ပဲ။ ပြီးရင် အဲလိုသေသွားပြီ ဆိုရင် သူက ချက်ချင်း မြှုပ်ဖို့ပဲ။ အဲဒီ သူနေခဲ့တဲ့နေရာ၊ စားခွက်တို့ ဘာတို့၊ ဇီဝလုံခြုံဖို့ ခေါ်တာပေါ့နော် အဲဒီ ဇီဝလုံခြုံမှုတွေ အဓိကပဲ။ အဲဒါနဲ့ပဲ ထိန်းချုပ်နေရတာ” ဟု ဒေါက်တာသန်းဝင်း က ပြောသည်။

ဝက်များသည် ဝမ်းပျက်ခြင်း၊ အစာမစားခြင်းတို့ဖြစ်ပြီးနောက် သေဆုံးခြင်းဖြစ်ပြီး မာန်အောင်မြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာ၊ ခအုန်းမော်ကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ကျွန်းရွာကျေးရွာ၊ မင်းပြင်ကျေးရွာ၊ မင်းဆိပ်ပြင် ကျေးရွာ၊ ညောင်ပင်လှကျေးရွာ စသည့်ရွာများတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင်လည်း ဝက်များကူးစက် ရောဂါဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ်တွင်အဖြစ်များကာ ဝက်များမှာ မျက်ခွံဝါခြင်း၊ အစာမစားခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းချုပ်ဆီးချုပ်ခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ကာ အစုလိုက်အပြုံလိုက် သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယခု မာန်အောင်တွင် ဖြစ်ပွားသည့် ဝက်များ သေဆုံးမှုနှင့်ပတ်သက်ပြီး ဓာတ်ခွဲခန်းသို့ စစ်ဆေးရန်အတွက် ပို့ဆောင်ထားသော်လည်း မည့်သည့်ရောဂါကြောင့် သေဆုံးသည်ကို မသိရှိရသေးကြောင်း မာန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးထံမှ သိရသည်။

မာန်အောင်တွင် ဝက်များ သေဆုံးခြင်းသည် ယခင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ဖြစ်ပွားခဲ့သည့် ဝက်များ သေဆုံးမှုနှင့် ဆက်နွယ်မှုရှိနေပြီး တခြားမြို့နယ်မှတဆင့် မာန်အောင်မြို့သို့ ဝင်ရောက်လာသည့် ဝက်များကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာသန်းဝင်းက ဆက်ပြောသည်။

“မာန်အောင်က သီးသန့်ဆိုရင် ရောဂါ မကူးနိုင်ဘူး။ အခြားမြို့နယ်ထဲက မာန်အောင်ရဲ့ဟိုဘက် တောင်ကုတ်၊ သံတွဲဘက်ကနေ ကူးတာလေ။ ဒါပေမယ့် ဒီဘက်မှာ တခုရှိတာက ဘာရှိလဲဆိုတော့ မင်္ဂလာပွဲတွေက တအား များတဲ့အခါ ဝက်သားတွေက လိုအပ်လာတာပေါ့။ ဝက်သားလိုအပ်တာနဲ့အညီပဲ ဈေးနှုန်းတွေကလည်း မြင့်လာတာပေါ့။ မြင့်လာတဲ့အခါကျတဲ့ ဈေးပေါတဲ့၊ ရောဂါဖြစ်နေတဲ့ သံတွဲ ဟိုဘက်ဒီဘက် ဝင်လာတာပေါ့ အသားတွေ။ အသားတွေတော့ မဟုတ်ဘူး အကောင်တွေ သွားသေကြတာပေါ့။ အဲလိုပဲ အသားတွေ စားရင်းနဲ့ စားရင်တော့ သူက ကူးမှာပဲ။ စားတဲ့အိမ်က စားဖက်သောက်ဖက်တွေက ကူးတာလေ” ဟု ပြောသည်။

ရောဂါကြောင့် သေဆုံးသွားသည့် ဝက်များကို စားသုံးခြင်းမပြုဘဲ၊ ချက်ချင်း မြေမြှုပ်ရန်အတွက် ညွှန်ကြား ထားသော်လည်း ဒေသခံတချို့က စားသုံးမှုများ ရှိကြောင်း၊ ဝက်အချင်းချင်းသာ ကူးစက်သည့်ရောဂါဖြစ်သော် လည်း ယခု လူများကပြန်လည်စားသုံးနေကြမှုနှင့်ပတ်သက်၍ တခြားသောရောဂါများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း မာန်အောင်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဒီဘက်မှာက ဝက်ကို တစ်နိုင်တပိုင်ပဲ မွေးတာဗျ။ ကျေးရွာအုပ်စုတွေ အလိုက်ဆိုရင် တော်တော်လေး သေတာ ပေါ့။ ဒါပေမယ့် မသိရဘူးပေါ့ဗျာ။ သေတော့ သေတယ် ဒီဘက် တော်တော်လေး သေတာ။ ဒါပေမယ့် သူက အစု လိုက် အပြုံလိုက် မွေးထားတဲ့ပုံစံမျိုး မဟုတ်တော့ဗျာ အိမ်တအိမ်မှာ တကောင်နှစ်ကောင် သေမယ်ဗျာ။ ဒီ့ပြင် တခြားအိမ်မှာ တကောင်နှစ်ကောင်သေမယ်ဗျာ။ ကျနော်တို့တွေကတော့ ပြောတယ်လေ အဲဒီလူတွေကို မင်းတို့ မစားနဲ့ အဲလိုပြောတာပေါ့။ စိုးရိမ်တာပေါ့ ဘာလို့လဲဆိုရင် ကိုဗစ်က အခုမှ နည်းနည်းငြိမ်တာလေ။ နောက်ရောဂါ တခု ထပ်ဖြစ်လာမှာကိုလည်း ကျနော်ကတော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် ဒီဘက်မှာက အသိပညာ ဗဟုသုတက တအားနည်းတာပေါ့နော်။ အသိပညာ ဗဟုသုတနည်းတော့ အဲလိုပြောတဲ့သူတောင် လှောင်ချင်သေးတာ စားတော့ ဘာဖြစ်လဲပေါ့။ သူတယောက်တည်းဆိုရင် ဘာမှ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ကူးစက်ပြီးရင် တခြားသူတွေကိုပါ ကူးစက်နိုင်တယ်ဆိုရင် ဒါက ဂရုစိုက်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

မာန်အောင်မြို့နယ်တွင် ဝက်များကို စီးပွားဖြစ် မွေးမြူမှု နည်းပါးသော်လည်း အိမ်အတော်များများတွင် တနိုင်တပိုင် မွေးမြူမှုများရှိပြီး မြို့နယ်၏ထက်ဝက်နီးပါး မွေးမြူထားကြကြောင်း သိရသည်။